စပါးအသင်းရဲ့ နည်းပြမော်ရင်ဟိုက သူတို့အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၈)ပွဲကစားထားပြီးနောက် (၅)ပွဲအနိုင်ရထားခဲ့ပြီး (၂)ပွဲသရေ (၁)ပွဲရှုံး ရမှတ်(၁၇)မှတ်အထိ ပိုင်ဆိုင်ခဲ့ကာ အမှတ်ပေးဇယားမှာလည်း အဆင့်(၂)နေရာကို တတ်လှမ်းထားနိုင်ခဲ့ကာ ဒီရာသီ ပရီးမီးယားလိဂ်မှာပါ ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်မယ့်အသင်းအဖြစ် ယူဆခံနေခဲ့ရပါတယ်။ ဒါပေမယ့် စပါးနည်းပြ ဟိုဆေးမော်ရင်ဟိုကတော့ သူတို့အသင်း ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ အတော်လေးကို ခက်ခဲလွန်းနေပြီး အခြားနိုင်ငံက အမှတ်ပေးလိဂ်တွေမှာဆိုရင် ချန်ပီယံဖြစ်ဖို့ ရာနှုန်းပြည့်သေချာတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Bleacher Report

မော်ရင်ဟိုရဲ့ စပါးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအစမှာ အဲဗာတန်ကို အရေးနိမ့်ခဲ့ရပေမယ့် နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ပြန်လည်ကောင်းမွန်လာခဲ့ကာ အခုဆိုရင် ဝက်ဘရွန်းကို အနိုင်ရခဲ့တဲ့ပွဲစဉ် အပါအဝင် နောက်ဆုံးပရီးမီးယားလိဂ် (၃)ပွဲဆက်တိုက် နိုင်ပွဲရခဲ့လို့ အမှတ်ပေးဇယားရဲ့အဆင့်(၂)နေရာမှာ လီဗာပူးလ်အသင်းနဲ့အတူ အမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် စပါးကို ဒီရာသီ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုကို စိန်ခေါ်နို်င်မယ့် အသင်းအဖြစ် သတ်မှတ်လာခဲ့တာဖြစ်ပေမယ့် စပါးနည်းပြမော်ရင်ဟိုကတော့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့က အလွန်ခက်ခဲတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

မော်ရင်ဟိုက “ဒီအသင်းအနေနဲ့ အခြားသော ဥရောပနိုင်ငံတွေမှာဆိုရင် ချန်ပီယံဖြစ်နိုင်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ခက်ခဲတယ်။ ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ်မှာက သင်တို့အနေနဲ့ ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခုကို ဖန်တီးနိုင်တယ်။ ရမှတ်တွေများစွာကိုလည်း ရယူနိုင်တယ်။ ဒါပေမယ့် ရာသီအဆုံးသတ်မှာဆိုရင် လီဗာပူးလ် မန်စီးတီး ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက် လက်စတာ အာဆင်နယ်တို့က သင်ရဲ့အထက်မှာ ရပ်တည်နေနိုင်ပါတယ်။ ဒါကြောင့်မို့ သင်အနေနဲ့ အကောင်းဆုံးဘောလုံးရာသီတစ်ခုကို ရနိုင်တယ်။ ဒါပေမယ့် ချန်ပီယံဖြစ်နိုင်ဖို့တော့ ခက်ခဲမယ်။ ဒါဆိုရင် ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ကျွန်တော်တို့ကတော့ တစ်ပွဲချင်းစီကိုပဲ အာရုံစိုက်သွားမှာပါ။ နိုင်ပွဲရဖို့အတွက် ကြိုးစားအားထုတ်သွားမယ်။ အခြားအသင်းတွေရဲ့အကြောင်းကိုတော့ ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ ပွဲတစ်ပွဲချင်းစီကိုပဲ ရလဒ်ကောင်းအောင် ကစားသွားမယ်။ ရာသီကုန်တဲ့အခါ ကျွန်တော်တို့အသင်း ဘယ်နေရာမှာ ရပ်တည်နိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရပါလိမ့်မယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။