ဖီနာဘာချီအသင်းရဲ့ စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက သူ့အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အနီကတ် ပြသခံခဲ့ရတာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ လာမယ့် အနာဂတ်မှာ ဥရောပဝင်ခွင့် မရတဲ့ အသင်းငယ်တွေကိုသာ ကိုင်တွယ်သွားချင်တော့တယ်လို့ ခနဲ့တဲ့တဲ့ ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် နည်းပြဟောင်းကြီး မော်ရင်ဟိုဟာ ယူရိုပါလိဂ်မှာ သူ့အသင်းဟောင်းနဲ့ ထိပ်တိုက် တွေ့ဆုံရတုန်း ဒုတိယပိုင်း ပွဲချိန်လောက်မှာ သူ့အသင်းအတွက် ပြစ်ဒဏ်မသတ်မှတ်ပေးတဲ့အပေါ် ကွင်းလယ်ဒိုင်ကို စောဒက်တက်မိရာကနေ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရပါတယ်။

Photo Credit : Football365

မော်ရင်ဟိုက ဒိုင်တွေကို အမြဲ စောဒကတက်သူလို့ အနီကတ်ပြခံနေကြ ဖြစ်ပေမယ့်လည်း အများစုက ဥရောပပွဲစဉ်တွေမှာသာ ဖြစ်လေ့ရှိပြီး ရိုးမားနည်းပြအဖြစ် တာဝန်ယူခဲ့စဉ်တုန်းကလာ်း ရိုးမားနဲ့ ဆီဗီလာအသင်းတို့ရဲ့ ယူရိုပါလိဂ် ဖိုင်နယ်ပွဲစဉ်မှာပါ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါသေးတယ်။

ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ မော်ရင်ဟိုက “ကျွန်တော် လုပ်ဆောင်ရမယ့် အကောင်းဆုံးအရာကတော့ ဖီနာဘာချီကနေ ထွက်ခွာဖြစ်ချိန်မှာ ဥရောပပြိုင်ပွဲတွေကို မကစားရတဲ့ ကလပ်အသင်းဆီ သွားဖို့ပါပဲ။ ဒါကြောင့် (၂)နှစ်အတွင်း နည်းပြတစ်ဦး လိုအပ်နေတဲ့ အင်္ဂလန်ရဲ့ အောက်ခြေက အသင်းတစ်သင်းသင်းဆီကို ကိုင်တွယ်ဖို့ ကျွန်တော် အဆင်သင့် ဖြစ်နေပါပြီ။”

Photo Credit : Sky Sports

“ဒီအနီကတ် အကြောင်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှကို ဆက်မပြောချင်တော့ပါဘူး။ ပွဲအကြောင်းကိုပဲ ပြောသွားချင်ပါတယ်။ အခု အနီကတ်ကို အယူခံဝင်လိုက်မယ်ဆိုရင် ကျွန်တော် (၆)လလောက်အထိပါ ပွဲပယ်ခံနေရပါဦးမယ်။ ရိုးမားနဲ့ ဆီဗီလာ ဖိုင်နယ်ပွဲ နောက်ပိုင်းကတည်းက အနီကတ်ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှကို မလုပ်ဆောင်တော့တာ။”

“ဒါကြောင့် ကျွန်တော်အနေနဲ့ ဥရောပပြိုင်ပွဲတွေနဲ့ ဝေးရာမှာ နေတာက ကျွန်တော့်အတွက် အနာဂတ် ပိုကောင်းမယ် ထင်ပါတယ်။ ဒါမှလည်း ကျွန်တော်လည်း စိတ်ရှုပ်စရာတွေနဲ့ မကြုံရမှာ။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် သူ့ကို ယူနိုက်တက်နဲ့ပွဲမှာ အနီကတ်ပြခဲ့တဲ့ ဒိုင်က မျက်လုံးတစ်လုံးနဲ့ ပြစ်ဒဏ်အနေအထားကို ကြည့်နေခဲ့သလို ကျန်တဲ့ မျက်လုံးတစ်ဖက်ကလည်း သူ့ကို လှမ်းကြည့်နေနိုင်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ဒိုင်လူကြီးလို့ပါ ခနဲ့သွားခဲ့ပါတယ်။