ပြီးခဲ့တဲ့ ဘောလုံးရာသီ တစ်ရာသီအတွင်း အေစီမီလန်အသင်းမှာ တစ်ရာသီအငှားနဲ့ လာရောက်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံအစွန်လူ ဒါလော့ကို ရိုးမားအသင်းနည်းပြဖြစ်သူ ဂျိုဆေးမော်ရင်ဟိုက သူရဲ့အသင်းဆီ ခေါ်ဆောင်သွားဖို့အတွက် စိတ်ဝင်စားလျက်ရှိနေပြီး လာမယ့်ဆောင်းစျေးကွက်အတွင်းမှာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာနိုင်တယ်လို့ အီတလီအခြေစိုက် Calcio Mercato ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : To The Lane And Back

အသက်(၂၂)နှစ်အရွှ့ယ်ရှိ ပေါ်တူဂီလက်ရွေးစင် ညာနောက်ခံကစားသမား ဒီယိုဂိုဒါလော့ဟာ ၂၀၁၈ခုနှစ်ကမှ ပေါ်တိုကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့်လည်း နောက်နှစ်မှာပဲ ယူနိုက်တက်က ခရစ္စတယ်ပဲလေ့စ် ညာနောက်ခံလူ အာရွန်ဝမ်ဘစ်ဆာခါကို ခေါ်ယူခဲ့တာဖြစ်လို့ ဒါလော့ရဲ့ ပွဲထွက်ကစားခွင့်က အကန့်အသတ်တွေ ရှိလာခဲ့ရပြီး မနှစ်က ဘောလုံးရာသီမှာပဲ အေစီမီလန်အသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ပါ သွားရောက်ကစားခဲ့ရပါသေးတယ်။ ဒီရာသီမှာလည်း အပြောင်းအရွှေ့သတင်းများစွာနဲ့ အနာဂတ် လှုပ်ခတ်ခဲ့ရတဲ့ ဒါလော့ဟာ စျေးကွက်ပိတ်သိမ်းသွားချိန်မှာတော့ ယူနိုက်တက်မှာပဲ ဆက်လက်ရှိနေခဲ့ရပြီး ဒီရာသီအတွင်းမှာ ပြိုင်ပွဲစုံ(၂)ပွဲကိုသာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ထားခဲ့ရပါတယ်။

Photo Credit : Goal

ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒါလော့ကို သူရဲ့ဆရာသမားဟောင်းဖြစ်တဲ့ ဂျိုဆေးမော်ရင်ဟိုက သူရဲ့လက်ရှိကလပ် ရိုးမားအသင်းဆီ အရခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး လာမယ့်ဆောင်းစျေးကွက်အတွင်းမှာပဲ ရာသီဝက် အငှားစာချုပ်နဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ယူနိုက်တက်အသင်းဘက်ကနေလည်း လာမယ့်စျေးကွက်အတွင်း အသင်းကနေ ရှင်းထုတ်မယ့် ကစားသမားစာရင်းထဲမှာပါ ဒါလော့ကို ထည့်သွင်းထားခြင်း ရှိနေတာကြောင့် ဒါလော့အနေနဲ့ ဇန်နဝါရီလမှာပဲ အသင်းအပြောင်းအလဲ လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းမှာက လက်ရှိအချိန် နောက်ခံအစွန်လူတွေအဖြစ် ဘစ်ဆာခါ လုခ်ရှော တဲလက်စ်နဲ့ ဒါလော့တို့ (၄)ဦးတည်းသာ ရှိနေပြီး ဒါလော့ကို အသင်းကနေ ရှင်းထုတ်လိုက်မယ်ဆိုရင် ညာနောက်ခံနေရာအတွက် ဘစ်ဆာခါတစ်ဦးတည်းသာ ကျန်ရစ်နေတော့မှာဖြစ်လို့ ယူနိုက်တက်ဘက်က ညာခြမ်းခံစစ်အတွက် ကစားသမားသစ်တစ်ယောက် ထပ်မံဖြည့်သွင်းဖို့ လိုအပ်မှာဖြစ်သလို ဒီလိုမှ မဟုတ်ရင်လည်း အကယ်ဒမီက လူငယ်ကစားသမားလေးတွေကို ခေါ်ယူရဖွယ် ရှိနေပါတယ်။