မကြာသေးမီကမှ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းကနေ ထုတ်ပယ်ခံထားရတဲ့ ထိပ်တန်း ပေါ်တူဂီလူမျိုး နည်းပြတဦးဖြစ်သူ မော်ရင်ဟိုကတော့ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ သူ့ရဲ့ အသင်းဟောင်းတသင်း ဖြစ်တဲ့ အင်တာမီလန်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ ပေါ်တို ၊ ချယ်လ်ဆီး ၊ ရီးရဲလ်မက်ဒရစ် ၊ အင်တာမီလန် ၊ မန်ချက်စတာ ယူနိုက်တက်အသင်းတို့မှာ အောင်မြင်မှုပေါင်းများစွာကို ရယူနိုင်ခဲ့တဲ့ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ရုတ်တရတ်ဆိုသလို စပါးအသင်းကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပြီး သူ့ကို ဘာ့ကြောင့် ရာထူးကနေ ထုတ်ပယ်ခဲ့လဲ ဆိုတာကို စပါးအသင်းက ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။

Photo Credit: Calcio Mercato

အင်တာမီလန်အသင်းဟာ လက်ရှိမှာ အီတလီလူမျိုးနည်းပြ ကွန်တီရဲ့ ဦးဆောင်မှုနဲ့အတူ နှစ်အတန်ကြာ ဝေးကွာနေတဲ့ စကူဒက်တိုဖလားကို ရယူနိုင်ဖို့ နီးစပ်နေပေမယ့် စူပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းခဲ့မှုနဲ့ ပတ်သတ်ပြီး ကွန်တီနဲ့ အသင်းပိုင်ရှင်တွေကြားထဲမှာ ကြီးမားတဲ့ သဘောထားကွဲလွဲမှုတွေ ဖြစ်နေတာကြောင့် ကွန်တီဟာ ရာသီကုန်မှာ အသင်းကို စွန့်ခွာမယ့် အနေအထားမှာ ရှိနေပါတယ်။ စပါးအသင်း ကနေ ထုတ်ပယ်ခံရပြီးချိန်မှာ မော်ရင်ဟိုက သူဟာ ခေတ္တခဏ အနားယူသွားမှာ မဟုတ်ပဲ နည်းပြလောကထဲကို အလျင်မြန်ဆုံး ပြန်လည် ဝင်ရောက်မှာဖြစ်ကြောင်း ပြောကြားခဲ့တာကြောင့် လက်ရှိမှာ မော်ရင်ဟိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပါတယ်။

 

 

Photo Credit: Calcio Mercato

အီတလီ အခြေစိုက် နာမည်ကြီး သတင်းဌာနဖြစ်တဲ့ Calcio Mercatoရဲ့ ဖော်ပြချက်အရ အင်တာမီလန် အသင်းဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ကွန်တီနဲ့ နှစ်ဦးသဘောတူ လမ်းခွဲကာ မော်ရင်ဟိုကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေကြောင်း သိရပြီး မော်ရင်ဟိုကလည်း အသင်းဟောင်း ဖြစ်တဲ့ အင်တာမီလန်အသင်းကို ပြန်လည် နည်းပြဖို့ စိတ်ဝင်စားနေပါတယ်။ တစ်ဖက်မှာတော့ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေတဲ့ ဂျူဗင်တပ်အသင်းဟာ လာမယ့် ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ်ဝင်ခွင့်သာ မရပါက လက်ရှိ အသင်းရဲ့ နည်းပြဖြစ်သူ ပီယာလိုကို ရာထူးကနေ ထုတ်ပယ်ကာ မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားဖွယ် ရှိနေပါတယ်။