ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ တော့တင်ဟမ် ဟော့စပါးအသင်းတွေနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျင်လည်ခဲ့ဖူးတဲ့ အတွေ့အကြုံရင့် နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက ဒီရာသီမှာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်လာနိုင်သေးဘူးလို့ သုံးသပ်လိုက်ပါတယ်။

ရိုးမားအသင်းကို ကိုင်တွယ်လို့နေတဲ့ စပယ်ရှယ်ဝမ်း နည်းပြကြီး မော်ရင်ဟိုဟာ သူရဲ့ကစားသမားဟောင်း မီခေးလ်နဲ့ ပြုလုပ်ခဲ့တဲ့ podcast အစီအစဉ်အတွင်း သူဖြတ်သန်းခဲ့သမျှ ဘောလုံးအတွေ့အကြုံ အကြောင်းတွေအပြင် လက်ရှိ ဘောလုံးနယ်ပယ်က အကြောင်းကိစ္စတွေကိုပါ ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။

Photo Credit : Fox Sports

ဒီလို ပြောဆိုကြရင်း ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ဖြစ်နိုင်ခြေတွေကို သုံးသပ်ကြရာ လက်ရှိ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်က ဒီရာသီမှာ အမှတ်ပေးချန်ပီယံ မဖြစ်လာနိုင်ဘူးလို့ မော်ရင်ဟိုက ဟောကိန်းထုတ်သွားခဲ့ပါတယ်။

“ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက်ဆိုရင် မန်စီးတီးက ၅၁% နဲ့ လီဗာပူးလ်က ၄၉%လို့ ပြောလို့ရနိုင်ပါတယ်။” လို့ မော်ရင်ဟိုက ပြောဆိုခဲ့ပြီး အာဆင်နယ်ကိုတော့ အမှတ်ပေး ချန်ပီယံဆု မဖြစ်လာနိုင်ကြောင်း ခန့်မှန်းခဲ့ပေမယ့်လည်း “ကျွန်တော် သူတို့ကို ချန်ပီယံ ဖြစ်လာစေချင်တယ်။ ချယ်လ်ဆီး နဲ့ မန်ယူနိုက်တက်တို့က ချန်ပီယံ မဖြစ်နိုင်တော့တာ သေချာနေပြီ ဆိုပေမယ့် အာဆင်နယ်သာ ချန်ပီယံ ဖြစ်လာရင် ကျွန်တော် ဝမ်းသာမိမှာ။”

Photo Credit : Football London

“ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ ပွဲတွေက တဖြည်းဖြည်းနဲ့ အရမ်းများလာတော့မှာ။ ဒီအချိန်မှာ မန်စီးတီးဆိုရင် သူတို့လူစာရင်းက အသင်းနှစ်သင်းစာလောက် ရှိနေပါတယ်။”လို့ မှတ်ချက်ပြုထားခဲ့ပါတယ်။

မော်ရင်ဟိုဟာ ချယ်လ်ဆီး ယူနိုက်တက် စပါး အသင်းတွေရဲ့ နည်းပြအဖြစ်နဲ့ အာဆင်နယ်ကို အကြိမ်ကြိမ် ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါးနဲ့ပါ မကြာခဏ ထိပ်တိုက် ရင်ဆိုင်ခဲ့ရပါသေးတယ်။