အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားရဲ့ နည်းပြချုပ် ဖြစ်သူ ဟိုဆေး မော်ရင်ဟိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဖီယင်နုနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ အချိန်ပို ဆက်ကစားခွင့် ရမယ့် အဖိုးတန် အနိုင်ဂိုးကို ပွဲချိန် ၈၉မိနစ်မှာ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာအား ကျေးဇူးတင်ကြောင်းနဲ့ ပေါ်လို ဒိုင်ဘာလာရဲ့ အသင်းအပေါ် ပေးဆပ်မှုကို ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ရဲ့ ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ ရိုးမားက ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ သူတို့နဲ့ ကွန်းဖရန့်လိဂ်ကို လုခဲ့ရတဲ့ ဖီယင်နုနဲ့ ပြန်လည် တွေ့ဆုံခဲ့ပြီး ပထမအကျော့ အဖြစ် နယ်သာလန်မြေမှာ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ဖီယင်နုက ရိုးမားကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

Photo Credit: ESPN

ဒါကြောင့် ဒုတိယအကျော့ အဖြစ် ရောမမြေမှာ ကစားရတဲ့ ပွဲစဉ်မှာ မော်ရင်ဟိုရဲ့ ရိုးမားက ဖီယင်နုကို အနိမ့်ဆုံး ၁ဂိုးပြတ်နဲ့ အနိုင်ယူဖို့ လိုအပ်ခဲ့ပြီး မော်ရင်ဟိုကလည်း အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုကာ ဖီယင်နုကို ဧည့်ခံ ကစားခဲ့ပါတယ်။

ရိုးမားက ပွဲစတင်တာနဲ့ ပရိသတ်အားကို အသုံးပြုကာ တရစပ် တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ပွဲချိန် ၆၀မိနစ်မှာပဲ ဘယ်နောက်ခံလူ စပီနာဇိုလာက ရိုးမားအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် ရိုးမားက နောက်ထပ် ဦးဆောင်ဂိုး တဂိုး ထပ်သွင်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် မိနစ် ၈၀မှာ ဖီယင်နုရဲ့ လူစားဝင် တိုက်စစ်ကစားသမား ပါအီရှာအိုက ဖီယင်နု အတွက် ချေပဂိုး ၁ဂိုး သွင်းယူပေးခဲ့ပါတယ်။

တဖက် တဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးရင် ရိုးမားက ကွာတားဖိုင်နယ် အဆင့်ကနေပဲ လှည့်ပြန်ရတော့မှာ ဖြစ်ပေမယ့် ကံကောင်းစွာနဲ့ပဲ ပွဲချိန် ၈၉မိနစ်မှာ ဒိုင်ဘာလာက အသင်းအတွက် အချိန်ပို ဆက်ကစားခွင့် ရမယ့် ရွှေဂိုးကို သွင်းယူပေးခဲ့တာကြောင့် ရိုးမားနဲ့ ဖီယင်နုတို့က အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုမှာတော့ အယ်ရှာရာဝီနဲ့ ပယ်လီဂရီနီတို့က ရိုးမား အတွက် အဖိုးတန် အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့တာကြောင့် ရိုးမားဟာ နှစ်ကျော့ပေါင်း ရလဒ် ၄-၂နဲ့ ဖီယင်နုကို အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။

Photo Credit: Football Italia

ရိုးမား ၄-၁ ဖီယင်နု ပွဲအပြီးမှာတော့ ရိုးမားနည်းပြချုပ် မော်ရင်ဟိုက အချိန်ပို ဆက်ကစားခွင့် ရမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့တဲ့ ဒိုင်ဘာလာအား အထူးတလည် ချီးကျူးသွားခဲ့ပြီး ဒိုင်ဘာလာဟာ ရိုးမားအတွက် စိတ်ရော ကိုယ်ပါ နှစ်ကာ ကစားပေးနေတယ်လို့ ဆိုပါတယ်။ မော်ရင်ဟိုက – “ကျွန်တော်ကတော့ ဒိုင်ဘာလာဟာ ရိုးမားမှာ ပျော်ရွှင်မှုကို ရှာတွေ့ခဲ့ပြီလို့ ထင်ပါတယ်။ သူက အရင်ထက်လည်း ယုံကြည်မှုတွေ ပိုတိုးလာခဲ့ပါပြီ။ ဒိုင်ဘာလာက ရိုးမားမှာ ပျော်ရွှင်မှုကို ရှာဖွေနိုင်ခဲ့သလို သူ့ကို နားလည်မှု အပြည့် ရှိတဲ့ နည်းပြတယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ပရိသတ်တွေကလည်း သူ့ကို ချစ်ကြသလို သူကလည်း သူ့ရဲ့ အရည်အသွေးနဲ့ ခေါင်းဆောင်နိုင်စွမ်းကို အသုံးချပြီး အသင်းကို အကောင်းဆုံး ဦးဆောင်ပေးထားပါတယ်။ ဒိုင်ဘာလာက လူကောင်းလေး တဦးပါ။ ဒိုင်ဘာလာက ကမ္ဘာပေါ်မှာ ရှိတဲ့ အကြီးမားဆုံး အသင်းတွေမှာ ကစားခွင့် ရဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် သူက ဒီအသင်းမှာ အတော်လေး ပျော်နေတာပါ။ ကျွန်တော်က သူ့ကို လွတ်လွတ်လပ်လပ် ကစားခွင့် အပြည့် ပေးခဲ့သလို သူကလည်း ယုံကြည်မှုနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသခဲ့ပါတယ်။ အခုချိန်မှာ သူက အသင်းအတွက် နိုင်ပွဲ ရယူပေးနိုင်ခဲ့လို့ အရမ်းကို ပျော်နေပါတယ်။ ကျွန်တော်ကလည်း သူ့ကို နိုင်ပွဲအတွက် ကျေးဇူးတင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။