အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားရဲ့ နည်းပြချုပ် ဖြစ်သူ ဟိုဆေး မော်ရင်ဟိုကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုတွေမှာ တတိယနေရာ ရတဲ့ အသင်းတွေကို ချန်ပီယံလိဂ်ပြိုင်ပွဲထက် တဆင့်နိမ့်တဲ့ ပြိုင်ပွဲတခု ဖြစ်တဲ့ ယူရိုပါလိဂ်ဆီ ပို့ဆောင်နေတဲ့ စနစ်ဟာ မတရားတဲ့ စနစ်တခု ဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ပြုတ်ခဲ့တဲ့ အသင်းတွေဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရှိတဲ့ အသင်းတွေထက် ပိုမို သာလွန်တဲ့ အသင်းတွေ ဖြစ်ကြောင်း ရီးရဲလ်ဘက်တစ် ၁-၁ ရိုးမား ပွဲအပြီးမှာပဲ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မော်ရင်ဟိုရဲ့ ရိုးမားက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူရိုပါလိဂ်ထက် တဆင့်နိမ့်တဲ့ ယူရိုပါ ကွန်းဖရန့်လိဂ်မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်း ဖြစ်ပြီး ရိုးမားက ယခုနှစ် ဘောလုံးရာသီမှာတော့ ယူရိုပါလိဂ် အုပ်စု(C)ထဲမှာ ဘက်တစ် ၊ လူဒိုဂရက် ၊ HJK စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေပါတယ်။

 

Photo Credit: Football Italia

အုပ်စုမဲခွဲပွဲတွေ အပြီးမှာ ရိုးမားဟာ အုပ်စု(C)ရဲ့ အကောင်းဆုံးအသင်း ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တကယ်တမ်း ယှဉ်ပြိုင် ကစားချိန်မှာတော့ ရိုးမားက လူဒိုဂရက်နဲ့ ဘက်တစ်တို့ကို မယှဉ်နိုင်သေးပဲ အုပ်စုပွဲ ၄ပွဲ အပြီးမှာ ၁ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရထားတာကြောင့် အုပ်စုအဆင့် ကနေ တက်ရောက်နိုင်ဖို့ အတွက် ရုန်းကန်ရမယ့် အခြေအနေကို ရောက်နေပါတယ်။

ရိုးမားက အုပ်စုပွဲ ၄ပွဲ အပြီးမှာ အုပ်စုဗိုလ် ဘက်တစ်နဲ့ ရမှတ် ၆မှတ် ပြတ်နေသလို ထိပ်တိုက် တွေ့ဆုံမှုပိုင်းမှာပါ အရေးနိမ့်နေတာကြောင့် အုပ်စုကနေ ဒုတိယနေရာနဲ့သာ နောက်တဆင့်ဆီ တက်ရောက်နိုင်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပြီး ရိုးမားဟာ အုပ်စုဒုတိယနဲ့သာ နောက်တဆင့်ဆီ တက်ရောက်နိုင်ခဲ့ပါက ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ အုပ်စုတတိယ အဖြစ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲဆီ ရောက်လာမယ့် အင်အားကြီးအသင်းတွေနဲ့ မဖြစ်မနေ ထိပ်တိုက် ရင်ဆိုင်ရမယ့် အလားအလာတွေ ရှိနေပါတယ်။

Photo Credit: Football Italia

ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အေဂျက် ၊ အက်သလက်တီကို မက်ဒရစ် ၊ ဘာစီလိုနာ ၊ ဂျူဗင်တပ် ၊ ဆီဗီးလား ၊ အေစီမီလန် စတဲ့ နာမည်ကြီးအသင်းတွေဟာ အုပ်စုတတိယနေရာနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းကစားရဖို့ နီးစပ်နေတဲ့ အသင်းတွေ ဖြစ်ပြီး မော်ရင်ဟိုကတော့ ဘာစီလိုနာ ၊ ဂျူဗင်တပ်တို့လို အင်အားကြီးအသင်းတွေ ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းလာမှာကို မနှစ်မြို့ပဲ ချန်ပီယံလိဂ်ပြုတ် အသင်းတွေကို ယူရိုပါလိဂ်ဆီ ဆင်းကစားခိုင်းတာဟာ အသင်းငယ်တွေ အတွက် မတရားကြောင်း ထုတ်ဖော် ပြောကြားသွားပါတယ်။

မော်ရင်ဟိုက – “ကျွန်တော်က ဘက်တစ်ဟာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်နိုင်တဲ့ အသင်းတွေထဲက တသင်းလို့ မြင်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကျရှုံးခဲ့တဲ့ ငါးမန်းကြီးကြီးတွေက (နာမည်ကြီး အသင်းတွေကို ရည်ရွယ်လျက်) ယူရိုပါလိဂ်ဆီ ဆင်းလာကြပါလိမ့်မယ်။ သူတို့ကြောင့် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ဟာ ပိုပြီး ခက်ခဲလာပါလိမ့်မယ်။ တကယ်ဆိုရင် အဲ့ဒီလို အသင်းတွေက ယူရိုပါလိဂ်ပြိုင်ပွဲဆီ ရောက်မလာသင့်ပါဘူး။ ဒါပေမယ့် ဒါက လက်ရှိမှာ ဖြစ်ပျက်နေတဲ့ အရာတခုပါ။ အဲ့ဒီအသင်းတွေက ချန်ပီယံလိဂ်ရဲ့ အရှုံးသမားအသင်းတွေပါ။ ဒါကြောင့် သူတို့နဲ့ ရင်ဆိုင်ရတာကလည်း တမျိုး ကောင်းနေပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။