အီတလီ စီးရီးအေကလပ် ရိုးမားအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုကတော့ သူရဲ့ အသင်းဟောင်း ဖြစ်တဲ့ စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်နေတာဟာ မှန်ကန်ကြောင်း ထောက်ခံစကား ပြောဆိုသွားပါတယ်။ အသက် ၂၇နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ စပါးအသင်းမှာပဲ တောက်လျှောက် ကစားခဲ့တဲ့ ကစားသမားတဦး ဖြစ်သလို စပါးအသင်းနဲ့ စာချုပ်သက်တမ်း ၃နှစ် အထိ ကျန်ရှိနေသေးပေမယ့် သူ့ရဲ့ ကစားသမားဘဝမှာ ဆုဖလား တလုံးမှ ဆွတ်ခူးနိုင်ခြင်း မရှိသေးတာကြောင့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ စပါးအသင်း ကနေ ထွက်ခွာလိုကြောင်း တရားဝင် ထုတ်ဖော် ပြောကြားထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Daily Express

ဟယ်ရီကိန်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုနဲ့ ဖန်တီးမှု အများဆုံး ကစားသမားဆုတို့ကို ရယူနိုင်ခဲ့ပေမယ့် စပါးအသင်းနဲ့ ဆုဖလား အောင်မြင်မှုတွေ မရခဲ့တာကြောင့် အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ လွဲချော်ခဲ့ရသူ ဖြစ်ကာ လက်ရှိမှာတော့ ဟယ်ရီကိန်းကို ခေါ်ယူဖို့ မန်ချက်စတာမြို့ခံ အသင်းနှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့က စိတ်ဝင်စားနေကြပါတယ်။ စပါးအသင်းကတော့ ဟယ်ရီကိန်းကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားချင်ပေမယ့် ဟယ်ရီကိန်းဟာ အသင်းပြောင်းဖို့ စိတ်ဆန္ဒ ပြင်းပျနေတာကြောင့် ဟယ်ရီကိန်းကို မဖြစ်မနေ ရောင်းချရဖွယ် ရှိကာ လတ်တလောမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ စပါးဟာ ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်းခန့် အနိမ့်ဆုံး ရမှသာ ရောင်းချနိုင်ကြောင်း သိရပါတယ်။

Photo Credit: Daily Express

စပါးအသင်းကို နည်းပြစဉ်က ဟယ်ရီကိန်းနဲ့ ဆက်ဆံရေး အဆင်ပြေခဲ့တဲ့ မော်ရင်ဟိုကတော့ သူက ဆုဖလားတွေ ရယူဖို့ စပါးအသင်း ကနေ ထွက်ခွာချင်နေတဲ့ ဟယ်ရီကိန်းရဲ့ ခံစားချက်ကို နားလည်ကြောင်းနဲ့ ဟယ်ရီကိန်းဟာ သူ ပျော်ရွှင်တဲ့ နေရာမှာသာ ရှိနေသင့်ကြောင်း ပြောကြား သွားပါတယ်။ မော်ရင်ဟိုက – “ ကျွန်တော့်အမြင်မှာတော့ သူဟာ သူ ပျော်ရွှင်တဲ့ နေရာမှာပဲ ကစားသင့်ပါတယ်။ ပြီးတော့ ကျွန်တော့်အထင် သူက အင်္ဂလန်မှာ ကစားရတာကို အရမ်း ပျော်နေပါတယ်။ သူက လုံးဝ ပရီးမီးယားလိဂ်မှ ပရီးမီးယားလိဂ် ဆိုတဲ့ ကစားသမားမျိုးပါ” လို့ ပြောကြား သွားတာပဲ ဖြစ်ပါတယ်။ မန်ချက်စတာမြို့ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟယ်ရီကိန်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထက် မန်ချက်စတာ စီးတီးအသင်းထံသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကြောင်း သိရပါတယ်။