စပါးအသင်းရဲ့နည်းပြဖြစ်သူ ဟိုဆေးမော်ရင်ဟို မနေ့ညက ကစားသွားခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ သူ့အသင်းအတွက် အနိုင်(၃)မှတ်ရအောင် မစွမ်းဆောင်နိုင်ခဲ့သလို ပွဲချိန်အတွင်းမှာတောင် မော်ရင်ဟိုရဲ့စပါးအသင်းက ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်လေးမှတောင် မရှိခဲ့လို့ စိတ်ပျက်စရာဖြစ်ခဲ့ရသလို ပွဲအပြီး သတင်းစာရှင်းလင်းပွဲအတွင်းမှာလည်း နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေကြောင့် မော်ရင်ဟိုကို ပိုပြီးစိတ်ညစ်သွားစေခဲ့ပါတယ်။

Photo Credit : Daily Star

ဘုန်းမောက်ကို အနိုင်မကစားနိုင်ပဲ သရေကျခဲ့လို့ စိတ်ညစ်နေတဲ့ မော်ရင်ဟိုဟာ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာလည်း နည်းပညာပိုင်း ချို့ယွင်းချက်ကြောင့် စကားပြောရခက်ခဲနေခဲ့တဲ့အတွက် Headphone ဝတ်ဆင်လိုက်ပြီး တာဝန်ရှိသူတစ်ယောက်က “ဟယ်လို ဟိုဆေးရေ ကျွန်တော်ပြောတာ ကြားရပါလား” လို့ မေးမြန်းလိုက်ရာ မော်ရင်ဟို “No” လို့ ခပ်ပြတ်ပြတ်ဖြေပြီး အင်တာဗျူးတဲ့နေရာကနေ ထွက်ခွာသွားခဲ့ပါတယ်။ အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ခေါင်းခြောက်နေရတဲ့ မော်ရင်ဟိုဟာ အင်တာဗျူးရင်း ကြုံခဲ့ရတဲ့ အဆင်မပြေမှု အသေးအဖွဲ့လေးကိုတောင် စိတ်မရှည်နိုင်တော့ပဲ Headphone ချွတ်ပြီး ဘာတစ်ခွန်းမှ မပြောတော့ပဲနဲ့ အင်တာဗျူးတဲ့နေရာကနေ ထွက်ခွာသွားခဲ့ပါတယ်။

Photo Credit : AS English

 

မော်ရင်ဟိုက ဘုန်းမောက်နဲ့ပွဲအတွင်း သူတို့အသင်းအတွက် ရသင့်တဲ့ ပင်နယ်တီကန်ခွင့်နဲ့ ပတ်သက်ပြီးတော့လည်း ကွင်းလယ်ဒိုင်နဲ့ VAR ဒိုင်တွေအပေါ်မှာ စိတ်ဆိုးဒေါသထွက်လျက်ရှိနေပြီး ရှက်ဖီးယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့ရတဲ့ပွဲမှာ အလားတူဖြစ်ရပ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရသေးတယ်လို့ ညည်းတွားပြောဆိုလာခဲ့ပါတယ်။ မော်ရင်ဟိုက “ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းလူတိုင်း သိကြမှာပါ။ ဒီဖြစ်ရပ်က ပင်နယ်တီပေးသင့်တယ်ဆိုတာကို(ဟယ်ရီကိန်းကို ဂျိုရှအာကင်း တွန်းထုတ်မိခဲ့တဲ့ ဖြစ်ရပ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီကိစ္စပတ်သက်ပြီးတော့ကိုလည်း ကျွန်တော်ဘာမှများများစားစား မပြောချင်ပါဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းလည်း သိနေကြလို့ပါ။ ဒီကမ္ဘာပေါ်က လူတိုင်း ဒါက ပင်နယ်တီဆိုတာကို သိကြပါတယ်။ ကျွန်တော်ပြောတယ်နော် လူတိုင်းသိတယ်လို့။ ဒါက ကျွန်တော်ရဲ့ထင်မြင်ချက် သက်သက်မဟုတ်ဘူး။ ကိန်းအနေနဲ့ ပင်နယ်တီကနေ သွင်းဂိုးရအောင် ကန်နိုင်တယ်လို့ ရာနှုန်းပြည့် အာမမခံနိုင်ပေမယ့် ဒါက အသင်းအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းဖြစ်သွားနိုင်ပါတယ်”လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။