အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါ ကွန်းဖရန့်လိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ သူ့ရဲ့ ရိုးမားအသင်းက ရုရှားကလပ် ဆိုဖီယာအသင်းကို လေးဂိုးပြတ် နိုင်ခဲ့ပေမယ့် ပွဲရဲ့ ရလဒ်ပိုင်းနဲ့ ပတ်သတ်ပြီး အပြည့်အဝ ကျေနပ်ခြင်း မရှိကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

ရိုးမားအသင်းရဲ့ အိုလံပီကိုကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ဆိုဖီယာအသင်းက ပွဲရဲ့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရိုးမားအသင်းကသာ ပွဲကို တဖက်သတ် နီးပါး ကြီးစိုးကာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူကာ ၅-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

Photo Credit: Marca

ဆိုဖီယာအသင်း အတွက် အဖွင့်ဂိုးကို ပွဲကစားချိန် ၁၀မိနစ်မှာတင် တိုက်စစ်မှူး ကရေးက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ရိုးမားအသင်း အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ပွဲကစားချိန် ၂၅မိနစ်နဲ့ ၆၂မိနစ်တို့မှာ ကွင်းလယ်လူ ပယ်လီဂရီနီ ၊ ပွဲကစားချိန် ၃၈မိနစ်မှာ တောင်ပံတိုက်စစ် ကစားသမား အယ်ရှာရာဝီ ၊ ပွဲကစားချိန် ၈၂မိနစ်မှာ နောက်ခံလူ မန်စီနီနဲ့ ပွဲကစားချိန် ၈၄မိနစ်မှာ တိုက်စစ်မှူးသစ် အေဗရာဟမ်တို့က သွင်းယူပေးခဲ့ကြတာပါ။

ပွဲပြီးဆုံးချိန်မှာတော့ မော်ရင်ဟိုက သူတို့အသင်းဟာ ဂိုးပြတ်နိုင်ပွဲ တပွဲ ရခဲ့ပေမယ့် သူဟာ ရလဒ်ပိုင်းနဲ့ ပတ်သတ်ပြီး အပြည့်အဝ ကျေနပ်ခြင်း မရှိသေးကြောင်းနဲ့ အသင်းရဲ့ ကစားပုံကလည်း ထင်ထားသလောက် မကောင်းခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

မော်ရင်ဟိုက – “ကျွန်တော်တို့က ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။ ကျွန်တော်က အသင်းတသင်းကို ဖန်တီးဖို့ ကြိုးစားနေတာပါ။ ဒါပေမယ့် ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ ကစားပုံကို မကြိုက်ပါဘူး။ တချို့ အချိန်တွေမှာ ကျွန်တော်တို့က အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ခက်ခဲတဲ့ အခိုက်အတန့်တွေကိုလည်း အသင်းကောင်း တသင်းရဲ့ ပုံစံနဲ့ တုန့်ပြန်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က အပြည့်အဝတော့ စိတ်ကျေနပ်မှု မရသေးပါဘူး။ ကျွန်တော်တို့တွေ အရည်အချင်းရှိရှိနဲ့ မကစားနိုင်ခဲ့ဘူးလို့ ထင်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားခဲ့တာပါ။