ဖီနာဘာချီအသင်းရဲ့ စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအတွင်း ယူရို ချန်ပီယံ ဖြစ်ခဲ့တဲ့ စပိန်အသင်းမှာ ညာတောင်ပံ ကစားသမားလေး လာမင်း ယာမားလ်ထက် ဘယ်တောင်ပံကစားသမား နီကို ဝီလီယံစ်ကို ပိုပြီးတော့ သဘောကျ နှစ်သက်တယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။

ယူရို-၂၀၂၄မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ စပိန်အသင်းဟာ ဘယ်ညာတောင်ပံနှစ်ဖက်မှာ ငယ်ရွယ်ပြီး အရည်အသွေး မြင့်မားတဲ့ နီကို ဝီလီယံစ်နဲ့ ယာမားလ်တို့လို တောင်ပံကစားသမားတွေရဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်မှုတွေနဲ့အတူ ယူရိုဖလားကြီးကို အရ သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဒီပြိုင်ပွဲကြီးအပြီးမှာ ဘာစီလိုနာ အကယ်ဒမီထွက် ညာတောင်ပံကစားသမားလေး ယာမားလ်က ယူရိုပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုနဲ့ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး သွင်းဂိုးဆုတို့ကို ပိုင်ဆိုင်ခဲ့ရသလို ဘီလ်ဘာအိုရဲ့ ဘယ်တောင်ပံကစားသမား နီကို ဝီလီယံစ်ကလည်း ပြိုင်ပွဲတစ်လျှောက် နေရာအလိုက် အကောင်းဆုံး ကစားသမားစာရင်းမှာ ပါဝင်ခဲ့ရပါတယ်။

ကစားသမားနှစ်ဦးလုံးက ယူရိုပြိုင်ပွဲမတိုင်ခင်ကတည်းက သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ တောက်ပခဲ့သူတွေ ဖြစ်ပေမယ့်လည်း ဆယ်ကျော်သက် အရွယ်လေးနဲ့ မလိုက်အောင် ပိုမို တောက်ပခဲ့တဲ့ ယာမားလ်ကို ဘောလုံးပရိသတ်တွေက ပိုသတိထားမိလာခဲ့ပြီး ပိုပြီးတော့ပါ သဘောကျလာခဲ့ပါတယ်။

Photo Credit : beIN SPORTS

ဒါပေမယ့် ဝါရင့် နည်းပြကြီး မော်ရင်ဟိုကတော့ ယာမားလ်နဲ့ နီကို ဝီလီယံစ်တို့ကြားမှာ ဘယ်ကစားသမားကို ပိုမို သဘောကျသလဲ ဆိုတာနဲ့ ပတ်သက်ပြီး “ယူရိုပြိုင်ပွဲမှာတုန်းကဆိုရင် လူတွေက ယာမားလ် ယာမားလ် ယာမားလ်လို့ပဲ ပြောနေကြတယ်။ ဒီကစားသမားလေးက တကယ်ကို အံ့သြသင့်စရာကောင်းတဲ့ ချာတိတ်လေးပါ။”

“ဒါပေမယ့် ကျွန်တော်ကတော့ နီကို ဝီလီယံစ်ကို ပိုပြီးတော့ သဘောကျမိပါတယ်။ သူက အံ့မခန်း ကစားသမားတစ်ဦးလို့ ကျွန်တော် ထင်မိတယ်။ စပိန်ကလပ်တွေမှာဆိုရင် ကျွန်တော်က ရီးယဲလ် မက်ဒရစ်ကို အားပေးတာဖြစ်လို့ နီကို ဝီလီယံစ်ကိုလည်း ရီးယဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ ကစားဖို့ မျှော်လင့်ပါတယ်။” လို့ ပြောဆိုလာခဲ့ပါတယ်။