MySport Myanmar

ဒိုင်တွေရဲ့ အရည်အသွေး ကောင်းလာခဲ့ရင် ဖီနာဘာချီက ယူရိုပါလိဂ်မှာ ဗိုလ်စွဲနိုင်တယ်လို့ မော်ရင်ဟို ဆို

တူရကီ ထိပ်သီးကလပ် ဖီနာဘာချီအသင်းရဲ့ နည်းပြဖြစ်သူ ဂျိုဆေး မော်ရင်ဟိုက ချန်ပီယံလိဂ် ခြေစစ်ပွဲ တတိယအဆင့်မှာ လိုင်လီအသင်းကို အနိုင်မယူနိုင်ခဲ့လို့ ယူရိုပါလိဂ်ဆီ ရောက်သွားခဲ့ရပေမယ့် ဒိုင်လူကြီးတွေရဲ့ အရည်အသွေးသာ ကောင်းလာမယ်ဆိုရင် သူတို့အသင်းက ယူရိုပါလိဂ်မှာ ချန်ပီယံ ဖြစ်နိုင်တယ်လို့ ဆိုလိုက်ပါတယ်။

ပေါ်တို ချယ်လ်ဆီး ရီးယဲလ် အင်တာ မန်ယူနိုက်တက် စပါး ရိုးမားတို့လို ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့တဲ့ နည်းပြ မော်ရင်ဟိုဟာ ရိုးမားကနေ ထုတ်ပယ်ခံရပြီး လပိုင်းအကြာမှာပဲ ဖီနာဘာချီအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံလိုက်ရပါတယ်။

Photo Credit : Goal

ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဖီနာဘာချီဟာ ချန်ပီယံလိဂ်ကိုလည်း ခြေစစ်ပွဲကနေ ပါဝင် ဆင်နွဲခွင့် ရထားခဲ့ပြီး ခြေစစ်ပွဲ ပထမအဆင့်မှာ ဆွစ်ဇာလန်ကလပ် လူဂါနိုအသင်းကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဒုတိယအဆင့်မှာတော့ ပြင်သစ် လီဂူးဝမ်းကလပ် လိုင်လီအသင်းနဲ့ တွေ့ဆုံခဲ့ရာ လိုင်လီကိုတော့ နှစ်ကျော့ပေါင်းရလဒ် (3-2) နဲ့ ရှုံးနိမ့်ရင်း ခြေစစ်ပွဲနဲ့ပဲ ထွက်ခွာခဲ့ရပါတယ်။

ဒါကြောင့် မော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းက အခုဆို ယူရိုပါလိဂ်ကိုသာ ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး အဲ့ဒီပြိုင်ပွဲမှာလည်း သူ့အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ပါ ပြန်လည် ရင်ဆိုင်ရဖွယ်လည်း ရှိနေပါတယ်။ မော်ရင်ဟိုက ရိုးမားအသင်းကို ကိုင်တွယ်စဉ်ကလည်း ယူရိုပါလိဂ် ဖိုင်နယ်ထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့သလို ဒီပွဲမှာ မော်ရင်ဟိုဟာ ကွင်းလယ်ဒိုင် အန်တိုနီ တေလာရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း လုံးဝ စိတ်တိုင်းမကျ ဖြစ်ခဲ့ရပါသေးတယ်။

Photo Credit : Metro

“ကျွန်တော်တို့အနေနဲ့ စီးပွားရေးအရ ဆုံးရှုံးခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ချန်ပီယံလိဂ်ဆိုတာက ကလပ်အသင်းအတွက် အရေးကြီးတဲ့ အသင်းကို မြှင့်တင်ပေးနိုင်တဲ့အရာ ဖြစ်ပြီးတော့ အခုဆိုရင် ကျွန်တော်တို့က ကမ္ဘာပေါ်က ထိပ်တန်း ကလပ်အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ကစားရမယ့် အခွင့်အရေးပါ ဆုံးရှုံးခဲ့ရပါပြီ။ ဒါပေမယ့် ကျွန်တော်တို့က ချန်ပီယံလိဂ်ဖလားကို ဘယ်တော့မှ ရယူနိုင်မှာ မဟုတ်ပါဘူး။”

“ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဖိုင်နယ်ကိုလည်း ဘယ်တော့မှ တက်လှမ်းနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့က ယူရိုပါလိဂ် ကစားရမယ်။ ယူရိုပါလိဂ်မှာဆိုရင် ကျွန်တော်တို့ဘက်က အကောင်းဆုံး လုပ်ပြနိုင်ပေမယ့် ဒီစကားကို ကျွန်တော် ဆက်ပြောသွားချင်ပေမယ့် ကျွန်တော် ဆက်ပြောလိုက်ရင် ကျွန်တော် ပြသာနာတက်မှာမို့ပါ။ ရိုးမားနဲ့ ဆီဗီလာတို့ရဲ့ ယူရိုပါလိဂ်ပွဲ ကြည့်ထားသူဆိုရင် ကျွန်တော် ဆိုလိုချင်တာကို နားလည်မှာပါ။” ဆိုပြီး မော်ရင်ဟိုက ဒိုင်တွေအကြောင်းကို အရိပ်အမြွက် ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version