MySport Myanmar

သူတို့အသင်းနဲ့ လာဆုံတာ လိုင်လီအတွက် ကံဆိုးခြင်းပဲလို့ ဆိုလိုက်တဲ့ မော်ရင်ဟို

စကားလုံးဘုရှင် စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက ချန်ပီယံလိဂ် ခြေစစ်ပွဲ တတိယအဆင့်မှာ သူတို့ ဖီနာဘာချီအသင်းနဲ့ ထိပ်တိုက် လာဆုံနေတွ့နေရတာက ပြင်သစ် လီဂူးဝမ်းကလပ် လိုင်လီအသင်းအတွက် ကံဆိုးခြင်းပဲလို့ ပွဲမတိုင်ခင်မှာ စကားစစ်ထိုး ပြောကြားလိုက်ပါတယ်။

ပေါ်တို ချယ်လ်ဆီး အင်တာ ရီးယဲလ် မန်ယူနိုက်တက် စပါး ရိုးမားတို့လို ဥရောပထိပ်တန်း ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ မော်ရင်ဟိုဟာ အခုတော့ တူရကီ နာမည်ကြီးကလပ် ဖီနာဘာချီအသင်းဆီ ရောက်ရှိလို့နေပြီး သူမကျင်လည်ဖူးသေးတဲ့ တူရကီ ဘောလုံးနယ်ပယ်မှာပါ အောင်မြင်မှုတွေ ရယူသွားဖို့ ready ဖြစ်လို့နေပါတယ်။

Photo Credit : beIN SPORTS

နည်းပြဘဝထဲမှာ ချန်ပီယံလိဂ် ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်ဆိုတဲ့ ဥရောပရဲ့ အဓိကဆုဖလား (၃)ခုလုံးကို ဆွတ်ခူး ရယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော နည်းပြကြီးဖြစ်တဲ့ မော်ရင်ဟိုဟာ အခုလည်း သူကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ခြေစစ်ပွဲတွေမှာ အကောင်းဆုံး ဆောင်ရွှက်ပေးနေပြီး ခြေစစ်ပွဲ ဒုတိယအဆင့်မှာပဲ ဆွစ်ကလပ် လူဂါနိုကို နှစ်ကျော့စလုံး အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အခု တတိယအဆင့်မှာတော့ မော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းဟာ လိုင်လီလို ဥရောပ အတွေ့အကြုံကောင်းတွေ ပြည့်ဝနေတဲ့ အသင်းကောင်းတစ်သင်းနဲ့ ရင်ဆိုင်သွားရတော့မှာဖြစ်ပြီး ဒီပွဲနဲ့ ပတ်သက်ပြီး မော်ရင်ဟိုက “လိုင်လီအသင်းအတွက် ကံမကောင်းလှတဲ့ ပွဲစဉ်ရေးဆွဲမှု ဖြစ်သွားခဲ့ရပါတယ်။ သူတို့က ကျွန်တော်တို့အသင်းနဲ့ ကစားရပါတော့မယ်။”

Photo Credit : SPORTbible

“တူရကီအသင်းတွေဟာ ဥရောပမှာ အားကောင်းမောင်းသန် အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရတိုင်း အခက်အခဲတွေ ရှိနေတက်တယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ တူရကီအသင်းတွေအတွက်လည်း ပွဲစဉ်ရေးဆွဲမှုမှာ အခွင့်အရေးတွေ ရှိသင့်ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ လိုင်လီအတွက် ကောင်းမွန်တဲ့ ရေးဆွဲမှု ဖြစ်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဖီနာဘာချီက သူတို့အတွက် လွယ်ကူမှာ မဟုတ်လို့ပါ။”

“ကျွန်တော်တို့တွေ နာရီအနည်းငယ်လောက် ရေကူးကန်မှာ အနားယူပြီးတာနဲ့ လိုင်လီနဲ့ပွဲအတွက် ကျွန်တော်ရဲ့ အံ့ဖွယ်ကစားသမားတွေနဲ့အတူ လေ့ကျင့်ခန်းတွေ စလုပ်ပါတော့မယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ဖီနာဘာချီနဲ့ လိုင်လီအသင်းတို့ဟာ သြဂုတ် (၆)ရက်နေ့နဲ့ (၁၃)ရက်နေ့တွေမှာ နှစ်ကျော့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့ အသင်းက ပလေးအော့အဆင့်ကို ဆက်ကစားရမှာ ဖြစ်ပါတယ်။

Exit mobile version