ပြီးခဲ့တဲ့လက ရိုးမားအသင်းဟာ အသင်းရဲ့ နာမည်ကျော် ဘောလုံးနည်းပြကြီး ဂျိုဆေး မော်ရင်ဟိုကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ကစားသမားဟောင်းကြီး ဒီရော့စီကို မော်ရင်ဟို နေရာမှာ အစားထိုး ခန့်အပ်သွားခဲ့ပါတယ်။

တကယ်တော့ မော်ရင်ဟိုက ရိုးမားအသင်းအတွက် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးသော ဥရောပဆုဖလားဖြစ်တဲ့ ကွန်းဖရန့်စ်လိဂ်ဖလားကို ရိုးမားနည်းပြဘဝ ပွဲဦးထွက်ရာသီမှာပဲ ရယူပေးခဲ့ပြီး နောက်တစ်ရာသီမှာလည်း ယူရိုပါလိဂ်ဖိုင်နယ်အထိ ပို့ဆောင်ပေးခဲ့ပါသေးတယ်။

Photo Credit : talkSPORT

ဒါပေမယ့် မော်ရင်ဟိုရဲ့ ထုံးစံလိုဖြစ်နေတဲ့ တတိယရာသီ ကျိန်စာက ရိုးမားအသင်းမှာပါ ပူးကပ်လာခဲ့ပြီး နောက်ဆုံး ကိုင်တွယ်ခဲ့ရတဲ့ ပွဲစဉ် (၇)ပွဲမှာ (၄)ပွဲထိရှုံးကာ နိုင်ပွဲ (၂)ပွဲတည်းပဲ ရှိခဲ့တဲ့အပေါ် ရိုးမားအသင်း ပိုင်ရှင်တွေက နည်းပြအပြောင်းအလဲ လုပ်ဆောင်ဖို့ ချက်ချင်း ဆုံးဖြတ်လိုက်ပါတယ်။

လက်ရှိမှာ ကလပ်အသင်းလက်မဲ့ ဖြစ်သွားခဲ့ရတဲ့ စပယ်ရှယ်ဝမ်း နည်းပြကြီး မော်ရင်ဟိုက သူ့အနေနဲ့ သူ့အတွက် အဆင်ပြေမယ့် ကလပ်အသင်းကို ရွေးချယ်ပြီး နည်းပြနယ်ပယ်ထဲကို ပြန်လည် ဝင်ရောက်လာမယ်လို့ အသိပေး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Eurosport

“ကျွန်တော် ပြန်လာမှာပါ။ ကျွန်တော်က ရာသီမကုန်ဆုံးခင်မှာပဲ အထုတ်ပယ်ခံရလိုက်ရတာကြောင့် ဒီနေရာမှာ အဆုံးထိတော့ ရှိနေနိုင်တော့မှာ မဟုတ်ပါဘူး။ အဲ့ဒါကလည်း ဘောလုံးနဲ့ ပတ်သက်ပြီး ဘောလုံးအကြောင်းကို နည်းနည်းလေးပဲ သိနားလည်ထားတဲ့ လူတချို့က ကျွန်တော့်ကို ထုတ်ပယ်လိုက်တာကြောင့်ပါပဲ။” ဆိုပြီး မော်ရင်ဟိုက ရိုးမား ပိုင်ရှင်တွေကို ရည်ရွယ် ပြောဆိုခဲ့ပါတယ်။

ပေါ်တို ချယ်လ်ဆီး အင်တာမီလန် ရီးယဲလ်မက်ဒရစ် မန်ယူနိုက်တက် စပါး ရိုးမားတို့လို အသင်းတွေကို ကိုင်တွယ်ပြီး အောင်မြင်မှုပေါင်းများစွာ ရယူထားနိုင်တဲ့ မော်ရင်ဟိုလို နည်းပြကို အသင်းအများစုက အလိုရှိနေကြပြီး လက်ရှိအချိန်ထိ မော်ရင်ဟိုက ဘယ်ကလပ်အသင်းနဲ့အတူ ပြန်လာမလဲဆိုတာ အတိအကျ မသိရသေးပဲ ဖြစ်နေပါတယ်။