အေစီမီလန် ၊ ရီးရဲလ်မက်ဒရစ် ၊ ရိုးမား ၊ ဂျူဗင်တပ် စတဲ့ ဥရောပ ထိပ်သီးကလပ်တွေအပြင် အင်္ဂလန် ၊ ရုရှား စတဲ့ နိုင်ငံအသင်းတွေကိုပါ ကိုင်တွယ်ခဲ့ဖူးတဲ့ အီတလီ ဂန္တဝင်နည်းပြကြီး ကာပယ်လိုက ယမန်နေ့မှာပဲ ပေါ်တူဂီ ထိပ်သီးနည်းပြ မော်ရင်ဟိုကို ဆိုင်းမဆင့် ဗုံမဆင့် ရာထူးကနေ ထုတ်ပယ်လိုက်တဲ့ ရိုးမားရဲ့ အသင်းပိုင်ရှင်တွေကို လေးစားမှုမရှိတဲ့လူတွေလို့ ခေါင်းစဉ်တပ်ကာ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

အသက် ၆၀အရွယ် ပေါ်တူဂီ ထိပ်သီးနည်းပြ ဟိုဆေး မော်ရင်ဟိုက ၂၀၂၁ခုနှစ် ဇူလိုင်လ ၁ရက်နေ့မှ စတင်ကာ ရိုးမားကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက ရိုးမားကို ၂ရာသီခွဲကြာ ကိုင်တွယ်ခဲ့ရာမှာ ယူရိုပါ ကွန်းဖရန့်လိဂ် ဆုဖလား ၁လုံး ရယူပေးခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ‌ဗိုလ်လုပွဲဆီလည်း ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

မော်ရင်ဟို မရောက်ခင်မှာ ရိုးမားက စီးရီးအေရဲ့ ဖျက်မြင်းအသင်းအဆင့်သာ ရှိခဲ့ပေမယ့် မော်ရင်ဟိုက ရိုးမားဆီ ရောက်လာပြီးနောက် ထိပ်တန်း ကစားသမားတွေကို အသင်းဆီ ပြောင်းလာအောင် စည်းရုံး သိမ်းသွင်းနိုင်ခဲ့သလို သူ့ရဲ့ တမူထူးခြားတဲ့ နည်းစနစ်တွေနဲ့ ရိုးမားကို ဆုဖလားလမ်းကြောင်းတွေပေါ် ပို့ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီရာသီမှာတော့ မော်ရင်ဟိုရဲ့ ရိုးမားက ထင်ထားသလို ရလဒ်ကောင်းတွေ မယူနိုင်ခဲ့သလို မော်ရင်ဟိုကလည်း လုံလောက်တဲ့ ကစားသမား အားဖြည့်မှုတွေ မလုပ်ပေးတဲ့ ဘုတ်အဖွဲ့ကို မကြာခဏ စကားလုံးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ယမန်နေ့မှာပဲ ရိုးမားရဲ့ တာဝန်ရှိသူတွေက မော်ရင်ဟိုကို ဆိုင်းမဆင့် ဗုံမဆင့် ရာထူးကနေ ထုတ်ပယ်ကာ အသင်းရဲ့ ကစားသမားဟောင်း ဒီရော့ဆီကို နည်းပြသစ် အဖြစ် ခန့်အပ်သွားခဲ့ပါတယ်။

Photo Credit: Standard

မော်ရင်ဟိုက ရိုးမားကနေ ထုတ်ပယ်ခံရမယ် ဆိုတာကို အစည်းအဝေးရောက်မှသာ သိခဲ့တာကြောင့် ရိုးမားရဲ့ ရုံးချုပ်ကနေ ပြန်လည် ထွက်ခွာလာချိန်မှာ မျက်ရည်စက်လက် ဖြစ်နေခဲ့တာကို ဗွီဒီယိုမှတ်တမ်းတွေ အရ မြင်တွေ့ခဲ့ကြရပြီး ရိုးမားနည်းပြဟောင်း ကာပယ်လိုကတော့ အသင်းအတွက် ဆုဖလား ၁လုံး ရယူပေးထားတဲ့ နည်းပြကောင်းကို အခုလို ရုတ်တရတ် ရာထူးကနေ ထုတ်ပယ်ခဲ့တာဟာ လေးစားမှု ကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ကာပယ်လိုက – “ကျွန်တော်ကတော့ အမေရိကန်ပိုင်ရှင်တွေဟာ သူတို့နဲ့ အလုပ်တွဲလုပ်တဲ့ လူတွေအပေါ် လေးစားမှု မရှိဘူးလို့ပဲ ထင်ပါတယ်။ မီလန်မှာ မာလ်ဒီနီ တယောက် ကန်ထုတ်ခံခဲ့ရတာကို မြင်တွေ့ခဲ့ရသလို ဒီနေ့မှာလည်း ထရီဂိုရီယာက မော်ရင်ဟိုကို ထပ်ပြီး အလုပ်ထုတ်ခဲ့ပါတယ်။ အမေရိကန်သူဌေးတွေက ခံစားချက်တွေကို ထည့်မတွက်ပဲ သူတို့လုပ်ငန်းကိုသာ ကြည့်တဲ့ လူတွေပါ” လို့ ပြောကာ ရိုးမားပိုင်ရှင်တွေကို ဝေဖန်သွားခဲ့တာပါ။