တစ်ချိန်က စပါယ်ရှယ်ဝမ်းအဖြစ် နည်းပြ လောကမှာ နာမည်ကြီးတဲ့ ပေါ်တူဂီသားကြီး မော်ရင်ဟိုကတော့ လက်ရှိမှာ သူ့ရဲ့ တတိယ မြောက် ပရီးမီးယားလိဂ်ကလပ်အဖြစ် လန်ဒန် မြို့ခံအသင်းဖြစ်တဲ့ စပါးအသင်းကို ကိုင်တွယ် နေသူဖြစ်ပြီး သူ့ရဲ့လက်ထက်မှာ အဓိက ကစားသမားတွေ မကြာခဏဆိုသလို ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိနေတာကြောင့် လက်ရှိမှာတော့ စပါးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ခွင့်ရဖို့အတွက် ရုန်းကန်ရမယ့် အနေအထားတစ်ရပ် မှာ ရှိနေပါတယ်။ ဒါပေမယ့် မော်ရင်ဟိုအတွက် ကံကောင်းတဲ့အချက်ကတော့ ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့နေမှုကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ကို ခေတ္တရပ်နားလိုက်တဲ့ အချက်ဖြစ်ပြီး အဆိုပါ အချက်ကြောင့် မော်ရင်ဟိုဟာ ပြိုင်ပွဲကို ပြန်ပြီး စတင်ချိန်မှာ ဒဏ်ရာရရှိနေတဲ့ သူ့ရဲ့ အဓိက ကစားသမားတွေထဲက ဒဏ်ရာကင်းစင်သွားတဲ့ ကစားသမားတွေကို အသုံးပြုနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

 

ဒါပေမယ့် အကောင်းနဲ့အဆိုးဆိုတာဟာ အမြဲတမ်း ဒွန်တွဲနေတတ်တာကြောင့် ကိုရိုနာရောဂါ ပျံ့နှံ့နေမှုဟာ မော်ရင်ဟိုအတွက် ကောင်းကျိုးကို ပေးခဲ့သလို ဆိုးကျိုးတချို့လဲ ရှိနေပါတယ်။ အဲ့ဒါကတော့ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်ကြောင့် ဘောလုံးပွဲတွေကို ရပ်နားထားခဲ့ရစဉ်မှာ စပါး အသင်းရဲ့ ဘဏ္ဏာရေးအခြေအနေဟာ စိုးရိမ်စရာ ဖြစ်လာခဲ့တာကြောင့် လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ မော်ရင်ဟိုအနေနဲ့ ပြောင်းရွှေ့စရိတ် အနည်းငယ်ကိုသာ ရရှိတော့မယ့် အချက်ပဲ ဖြစ်ပါတယ်။ အဆိုပါသတင်းကိုတော့ စပါးအသင်းနဲ့ နီးစပ်သူတွေက ပြောပြလာခဲ့တာ ဖြစ်ပြီး အဆိုပါနီးစပ်သူတွေရဲ့ အဆိုအရတော့ မော်ရင်ဟိုဟာ အဆိုပါအကြောင်းအရာကို သိရှိပြီးတဲ့နောက် အတော်လေးကို စိတ်ပျက်ခဲ့တယ် လို့လဲ သိရပါတယ်။

Photo Credit: Metro.com

မော်ရင်ဟိုဟာ ရောက်လေရာအသင်းတိုင်းမှာ အသင်းကို သူ့စိတ်ကြိုက် ကစားသမားတွေနဲ့ ဖွဲ့စည်းလေ့ရှိသူဖြစ်ပြီး စပါးအသင်းမှာလည်း သူ့ စိတ်ကြိုက် ကစားသမားတွေကို ခေါ်ယူဖို့ အတွက် အသင်းထံကို ပြောင်းရွှေ့ကြေးများများ ချပေးဖို့ တောင်းဆိုထားသူဖြစ်ကာ လက်ရှိမှာတော့ သူ့စိတ်ကြိုက် ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ မော်ရင်ဟိုအနေနဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက အချို့ကို ရောင်းထုတ်သွားဖွယ် ရှိနေတယ်လို့ လန်ဒန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နွေရာသီကမှ အသင်းထံကို ရောက်လာခဲ့တဲ့ ကွင်းလယ် ကစားသမား အန်ဒွန်ဘီလီကို ပြန်လည် ရောင်းထုတ်သွားဖို့ စီစဉ်နေကြောင်းနဲ့ အန်ဒွန်ဘီလီကို ရောင်းချရမှ ရရှိလာမယ့် ပေါင်၆၀သန်းနီးပါးကို ပြန်လည် သုံးစွဲမယ်လို့လည်း သိရှိရပါတယ်။