MySport Myanmar

ဖောရက်စ် နည်းပြရာထူးကို လက်ခံဖို့ အဆင်သင့် ဖြစ်နေတဲ့ မော်ရင်ဟို

ပေါ်တူဂီလူမျိုးနည်းပြ ဂျိုဆေး မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာဖို့ အမြဲတမ်း မျှော်လင့်နေသူဖြစ်ပြီး နော်တင်ဟမ် ဖောရက်စ်အသင်းရဲ့ နည်းပြရာထူးကို လက်ခံဖို့ အဆင်သင့်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သူ့ကိုယ်သူ ‘Special One’ လို့ သမုတ်ခဲ့တဲ့ နည်းပြကြီးဟာ ချယ်လ်ဆီးအသင်းနဲ့ နှစ်ကြိမ်တာဝန်ယူခဲ့စဉ်က ပရီးမီးယားလိဂ်ဖလား သုံးကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေ ရရှိခဲ့ပေမယ့် တော့တင်ဟမ် ဟော့စပါးအသင်းမှာတော့ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်။

Photo Credit : NDTV Sports

အသက် (၆၂)နှစ်အရွယ် မော်ရင်ဟိုဟာ လက်ရှိမှာ တူရကီကလပ် ဖီနာဘာချီအသင်းကို ကိုင်တွယ်နေပေမယ့် အသင်းမှာ စိတ်ပျက်နေတဲ့ပုံစံမျိုး ပေါက်နေပြီး သင့်တော်တဲ့ စီမံကိန်းတစ်ခုနဲ့ဆိုရင် အသင်းပြောင်းရွှေ့သွားနိုင်တယ်လို့ သုံးသပ်မှုတွေ ပုံမှန်ထွက်ပေါ်နေပါတယ်။

နော်တင်ဟမ် ဖောရက်စ်ရဲ့ လက်ရှိနည်းပြ နူနို အက်စ်ပီရီတို ဆန်တိုဟာ အသင်းပိုင်ရှင် အီဗန်ဂျီလော့စ် မာရီနာကစ်နဲ့ လုပ်ငန်းခွင်ဆက်ဆံရေး ပျက်ပြားမှုရှိနေကြောင်း ဝန်ခံထားတာကြောင့် အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီအခြေအနေမှာ မော်ရင်ဟိုရဲ့နာမည်ကို ဖောရက်စ်ရဲ့ နည်းပြသစ်စာရင်းထဲမှာ ထည့်သွင်းပြောဆိုလာကြတာ ဖြစ်ပါတယ်။

Photo Credit : The Sun

မန်ချက်စတာယူနိုက်တက်နဲ့ ဆန်းဒါးလန်းအသင်းတွေရဲ့ ကင်းထောက်ချုပ်ဟောင်းဖြစ်ပြီး ဘောလုံးလောကနဲ့ အဆက်အသွယ်ကောင်းတွေ ရှိနေဆဲဖြစ်တဲ့ မစ်ခ် ဘရောင်းကတော့ ဖောရက်စ်သာ ကမ်းလှမ်းခဲ့မယ်ဆိုရင် မော်ရင်ဟိုတစ်ယောက် နားထောင်ဖို့ အသင့်ရှိနေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ “ဖောရက်စ်က ဂျိုဆေး မော်ရင်ဟိုကို ပစ်မှတ်ထားနိုင်တယ်လို့ ကျွန်တော် ဖတ်လိုက်ရတယ်။ ကျွန်တော်ထင်တာက သူ (မော်ရင်ဟို) က အဲ့ဒီအလုပ်ကို လက်ခံဖို့ အဆင်သင့်ရှိနေမှာပါ။ ဘာလို့လဲဆိုတော့ သူက ပရီးမီးယားလိဂ်ကို ပြန်လာဖို့ အမြဲတမ်း မျက်စိတစ်ဆုံး မျှော်လင့်နေတာလေ။”

“သူက ဘယ်ကလပ်မှာမှ နှစ်နှစ်၊ သုံးနှစ်ထက်ပိုပြီး မနေတတ်ဘူး၊ ဒါကြောင့် အခွင့်အရေးသာပေါ်လာရင် တူရကီကနေ ထွက်ခွာဖို့ သူ ကြည့်နေလောက်ပြီ။ သူက အာရုံစိုက်မှုရဲ့ ဗဟိုချက်ဖြစ်ချင်တဲ့သူဆိုတာ လူတိုင်းသိတယ်။ လက်ရှိ ဖောရက်စ်ရဲ့ အငြင်းပွားဖွယ်ရာ အခြေအနေတွေနဲ့ဆိုရင် ဒါက ကိုက်ညီမှုရှိနိုင်တယ်။” လို့ သူက Football Insider ကို ပြောပါတယ်။ လက်ရှိမှာတော့ ဖောရက်စ်အသင်းဟာ နည်းပြ နူနို၊ ပိုင်ရှင် မာရီနာကစ်နဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးရေးရာ အကြီးအကဲ အီဒူးတို့ကြားက ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ မော်ရင်ဟိုကိုယ်တိုင်ကလည်း ၂၀၂၆ မှာ ကုန်ဆုံးမယ့် ဖီနာဘာချီနဲ့ စာချုပ်ကို လေးစားလိုက်နာသွားမှာဖြစ်ကြောင်း အစောပိုင်းက ပြောဆိုထားခဲ့ဖူးပါတယ်။

Exit mobile version