အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ရိုးမားရဲ့ နည်းပြဖြစ်သူ ဟိုဆေး မော်ရင်ဟိုကတော့ သူတို့အသင်းဟာ ယခုနှစ်မှ စတင် ကျင်းပတဲ့ ဥရောပ ပြိုင်ပွဲသစ် ယူရိုပါကွန်းဖရန့်လိဂ်ကို အရယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

ဥရောပရဲ့ ထိပ်သီးနည်းပြတွေထဲက တဦး ဖြစ်တဲ့ မော်ရင်ဟိုဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ ရိုးမားကို ကိုင်တွယ်ခဲ့သူ ဖြစ်ပေမယ့် အသင်းကို သွေးသစ်လောင်းမှုတွေနဲ့ အတူ အီတလီ စီးရီးအေပြိုင်ပွဲမှာ ထိုက်သင့်တဲ့ အဆင့်တခုနဲ့ အဆုံးသတ်နိုင်ခဲ့သလို ယူရိုပါကွန်းဖရန့်လိဂ်ရဲ့ ဗိုလ်လုပွဲဆီကိုလည်း အရောက် ပို့ဆောင်ပေးထားနိုင်ပါတယ်။

Photo Credit: UEFA

ရိုးမားဟာ ဆုဖလားတွေ မရတာ ဆယ်စုနှစ် တစု ကျော်နေပြီ ဖြစ်တာကြောင့် မော်ရင်ဟိုက ရိုးမားနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ရယူဖို့ စိတ်ပြင်းပျနေပြီး မော်ရင်ဟိုရဲ့ ရှုံးထွက်ပြိုင်ပွဲတွေဆိုရင် အလေးထား ယှဉ်ပြိုင်တတ်တဲ့ စိတ်ကြောင့်ပဲ ရိုးမားက ယခုနှစ် ယူရိုပါကွန်းဖရန့်လိဂ်ရဲ့ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးမှုတွေလည်း အတော်လေးကို များပြားနေပါတယ်။

ယူရိုပါကွန်းဖရန့်လိဂ် ဗိုလ်လုပွဲမှာတော့ ရိုးမားဟာ နယ်သာလန် နာမည်ကြီးကလပ် ဖီယင်နုနဲ့ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေပြီး မော်ရင်ဟိုကတော့ သူနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ဗိုလ်လုပွဲအတွက် ရက်သတ္တပတ် အနည်းငယ် အချိန်ယူကာ ကြိုတင် ပြင်ဆင်ထားတာကြောင့် သူတို့အသင်းက ချန်ပီယံ ဖြစ်ဖို့ အဆင်သင့်ပဲလို့ ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။

Photo Credit: UEFA

မော်ရင်ဟိုက – “ကျွန်တော့်အတွက် ဒီဗိုလ်လုပွဲက သမိုင်းသစ် ရေးထိုးတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေက ဒီရာသီကို မျှော်လင့်နေကြတဲ့ ဆုဖလား တလုံးနဲ့ အဆုံးသတ်ဖို့ လိုပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ နည်းပြအဖွဲ့ဝင်တွေ အားလုံးဟာ တိုရီနိုနဲ့ ပွဲစဉ်ပြီးကတည်းက ဒီပွဲအတွက် ပြင်ဆင်ခဲ့ကြတာပါ။ အသင်းသားတွေကလည်း အတော်လေး အခြေအနေ ကောင်းကြပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ကျွန်တော်တို့ အသင်းဟာ ချန်ပီယံဖြစ်ဖို့ အဆင်သင့်ပဲလို့ မြင်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။