စပါးအသင်းဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ မတိုင်ခင်မှာပဲ ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြဖြစ်သူ နူနိုဆန်တိုကို အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး အသင်းနဲ့ (၄)လတာ ဖြတ်သန်းပြီးတဲ့နောက်မှာ စပါးအသင်းဘက်က နူနိုဆန်တိုကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ရာသီမစတင်ခင်ကတည်းက အမှန်တကယ် အလိုရှိနေခဲ့တဲ့ နည်းပြအန်တိုနီယိုကွန်တီကို နည်းပြသစ်အဖြစ် ထပ်မံခန့်အပ်လိုက်တာကြောင့် ဒီလို အပြောင်းအလဲတွေအပေါ်မှာ စပါးနည်းပြဟောင်း ဂျိုဆေးမော်ရင်ဟိုက မေးခွန်းထုတ်သွားခဲ့ပါတယ်။

Photo Credit : PORTU Goal

အသက်(၄၇)နှစ်အရွှယ်ရှိ နည်းပြနူနိုဆန်တိုဟာ ဗလင်စီယာ ပေါ်တိုတို့လို အသင်းကောင်းတွေကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ဝုလ်ဗ်အသင်းကိုလည်း ၂၀၁ရခုနှစ်ကနေ စတင်ကိုင်တွယ်ခဲ့တာဖြစ်သလို အသင်းကိုပါ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တွန်းတင်ပေးနိုင်ခဲ့တဲ့အပြင် ယူရိုပါလိဂ်ဝင်ခွင့် ရရှိအောင်ပါ စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီလို အရည်အသွေးတွေ အပြည့်အဝရှိနေတဲ့ နူနိုဆန်တိုကို စပါးအသင်းကနေ အသင်းနည်းပြသစ်အဖြစ် တာဝန်ပေး ခန့်အပ်ခဲ့ပေမယ့်လည်း အသင်းနဲ့ (၄)လတာပဲ ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ ဆန်တိုက အသင်းရလဒ်တွေ ဆိုးရွှားနေတာကို ပြန်လည်မတည့်မတ်ပေးနိုင်တာကြောင့် အသင်းဘက်က သူ့ကို ရာထူးကနေ ထုတ်ပယ်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Goal

အခုလို စပါးအသင်းကနေ နူနိုဆန်တို ထုတ်ပယ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး စပါးအသင်းရဲ့နည်းပြဟောင်းလည်းဖြစ် လက်ရှိ ရိုးမားအသင်းရဲ့ နည်းပြလည်းဖြစ်တဲ့ မော်ရင်ဟိုက စပါးအသင်းရဲ့ ဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ်လိုက်ပါတယ်။ မော်ရင်ဟိုက “နူနိုအက်စ်ပီရီတိုဆန်တိုက ဝုလ်ဗ်အသင်းမှာ တကယ့်ကို အကောင်းဆုံး အလုပ်တစ်ခုကို လုပ်ဆောင်သွားခဲ့တာပါ။ ဒါက တစ်နှစ်အတွင်းလည်း မဟုတ်သလို လအနည်းငယ်အတွင်းလည်း မဟုတ်ပါဘူး။ (၄)နှစ် (၅)နှစ်လောက်အတွင်းမှာ လုပ်ဆောင်ခဲ့တာမျိုးပါ။ အခုက စပါးအသင်းမှာ အရမ်းကို ကောင်းမွန်တဲ့ နည်းပြတစ်ဦးကို ပိုင်ဆိုင်သွားခဲ့ရပါပြီ။ ဒါပေမယ့်လည်း အခုလို နည်းပြသစ် မတိုင်ခင်မှာလည်း သူတို့အသင်းက အရမ်းကောင်းတဲ့ နည်းပြကောင်းတစ်ယောက်ကို ပိုင်ဆိုင်ခဲ့တာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ စပါးအသင်းအနေနဲ့ နူနိုဆန်တိုကို ပရီးမီးယားလိဂ်ပွဲစဉ် (၁၀)ပွဲလေးသာ တာဝန်ယူပြီးတဲ့နောက်မှာ အခုလို ချက်ချင်းထုတ်ပယ်လိုက်တာမျိုးထက် ပိုပြီးအချိန်ပေးသင့်တယ်လို့လည်း မော်ရင်ဟိုက မှတ်ချက်ပြု ပြောဆိုခဲ့ပါသေးတယ်။ လက်ရှိမှာတော့ စပါးနည်းပြသစ် ကွန်တီဟာ ဒီနေ့ညမှာ ဗွီတက်ဆီအသင်းနဲ့ ရင်ဆိုင်ရမယ့် ကွန်းဖရန့်စ်လိဂ်ပွဲစဉ်ကို စတင်ကိုင်တွယ်သွားရတော့မှာ ဖြစ်ပါတယ်။