ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ စပါးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟို ကတော့ ယမန်နေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အံ့အားသင့်ဖွယ်ရာ ကောင်းလောက်အောင် နောက်ကျ ချေပဂိုးတွေ သွင်းယူကာ သူတို့အသင်းနဲ့ သရေကျခဲ့တဲ့ ဝက်စ်ဟမ်းအသင်းဟာ သရေတစ်မှတ်နဲ့ ထိုက်တန်ကြောင်း ပွဲပြီး အင်တာဗျူးမှာ ချီးကျူးသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်၅အဖြစ် ကစားခဲ့တဲ့ စပါးအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ပွဲစဉ်မှာ စပါးအသင်းဟာ သုံးဂိုးပြတ်နဲ့ ပွဲကို မိနစ် ၈ဝကျော် အထိ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲရဲ့ နောက်ဆုံးမိနစ် အပိုင်းအခြားတွေမှာ ဝက်စ်ဟမ်းအသင်းဟာ ချေပဂိုးတွေ လိုက်လံ သွင်းယူနိုင်ခဲ့တာကြောင့် တစ်ဖက် သုံးဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ကာ ရမှတ် တစ်မှတ်စီ ခွဲယူခဲ့ကြပါတယ်။

Photo Credit: Daily Mail

စပါးအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ စပါးအသင်းဟာ ပွဲအစ ၁၆မိနစ် အတွင်း ဦးဆောင်ဂိုး သုံးဂိုး သွင်းယူနိုင်ခဲ့ပြီး ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပါတယ်။ စပါးအသင်း အတွက် သွင်းဂိုးတွေ ကိုတော့ ပွဲကစားချိန် ၁မိနစ်မှာ ဆွန်ဟောင်မင် ၊ ပွဲကစားချိန် ၈မိနစ်နဲ့ ၁၆မိနစ်တို့မှာ ဟယ်ရီကိန်းတို့က အသီးသီး သွင်းယူ ပေးခဲ့ကြပါတယ်။ ဦးဆောင်ဂိုး သုံးဂိုး ခွင့်ပြုပေးခဲ့ရ အပြီးမှာတော့ ဝက်စ်ဟမ်းအသင်းဟာ စပါးအသင်းဘက်ကို ပြန်လည် ဖိအားပေး ကစားလာခဲ့ပြီး ပွဲပြီးဆုံးဖို့ နီးစပ်လာတာနဲ့အမျှ ဝက်စ်ဟမ်းအသင်းရဲ့ ဖိအားပေးမှုဟာ ပိုမို ပြင်းထန် လာခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲချိန် ၈၂မိနစ်မှာ ဝက်စ်ဟမ်းအသင်းဟာ ပထမ ချေပဂိုး ရရှိခဲ့ပြီး နောက်ခံလူ ဗယ်ဘူနာက သွင်းယူပေးခဲ့တာပါ။

Photo Credit: Daily Mail

ပွဲကစားချိန် ၈၅မိနစ်မှာတော့ စပါးအသင်းရဲ့ နောက်ခံလူ ဆန်းချက်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်းဟာ ဒုတိယ ချေပဂိုး ရရှိခဲ့ကာ ပွဲရဲ့ နောက်ဆုံးမိနစ် မှာတော့ ဝက်စ်ဟမ်းအသင်းရဲ့ တောင်ပံ ကစားသမား လန်ဇီနီဟာ အရမ်းကောင်းမွန််တဲ့ အဝေးကန်ချက်နဲ့ ဝက်စ်ဟမ်းအသင်း အတွက် သရေတစ်မှတ် ရရှိစေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ စပါးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုက တစ်ဖက်အသင်းကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ မော်ရင်ဟိုက “ကျွန်တော့်အတွက် ဝက်စ်ဟမ်းအသင်းကို ချီးကျူးရတာက လွယ်ကူတဲ့ ကိစ္စရပ် တစ်ခုပါ။ သူတို့ဟာ ပွဲချိန် အတော်များများမှာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲကို ကျွန်တော်တို့ ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပြီး ပွဲချိန်နှောင်းပိုင်း မှာတော့ သူတို့အသင်းဟာ သွင်းဂိုးတွေ သွင်းယူပြီး ရမှတ် တစ်မှတ် စုဆောင်းနိုင်ခဲ့ပါတယ်။ သူတို့ဟာ ကံကောင်းတယ် လို့ ဆိုနိုင်ပေမယ့် ဒီကံကောင်းမှုနဲ့ ထိုက်တန်သူတွေပါ” လို့ ချီးကျူးသွားခဲ့တာပါ။