စပါးအသင်းရဲ့ နည်းပြဖြစ်သူ ဟိုဆေးမော်ရင်ဟိုက မကြာခင်မှာ ဖွင့်လှစ်သွားတော့မယ့် နွေရာသီ ဘောလုံးသမားအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ သူတို့အသင်းအနေနဲ့ သူတို့အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးမြောက်များစွာ သုံးစွဲပြီးတော့ ကစားသမားသစ်တွေကို ခေါ်ယူဖွယ်မရှိဘူးလို့ ညည်းတွားပြောဆိုခဲ့ပေမယ့် အသင်းအတွက် လိုအပ်တဲ့နေရာအနည်းငယ်လောက်အတွက်ကိုတော့ လူအင်အားဖြည့်တင်းမှု အနည်းငယ်လောက်တော့ လုပ်ဆောင်သွားဖို့ မျှော်လင့်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။

Photo Credit : AS English

စပါးအသင်းဟာ ပြီးခဲ့တဲ့နွေစျေးကွက်တုန်းက လိုင်ယွန်ကနေ ပြင်သစ်ကွင်းလယ်လူ အမ်ဒွန်ဘီလီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၅၅)သန်းနဲ့ ခေါ်ယူဖြစ်ခဲ့တဲ့အပြင် လိုဆယ်ဆို ဘာ့ဂျ်ဝင်း ဖာနန်ဒက်စ်တို့ကို ခေါ်ယူခဲ့စဉ်တုန်းကလည်း စုစုပေါင်းပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်းတစ်ရာကျော်လောက်အထိ သုံးစွဲခဲ့ရပါတယ်။ ဒါပေမယ့် လာမယ့်နှစ်အတွက် အသင်းက ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ ဝင်ငွေပိုင်း ထိခိုက်နေရသလို လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့က မသေချာသေးတာဖြစ်လို့ အသုံးစရိတ်က ဒီနှစ်ကလို သုံးစွဲဖို့ မလွယ်ကူတော့တာဖြစ်ပါတယ်။

Photo Credit : Goal

ဒီအကြောင်းနဲ့ပတ်သက်ပြီး စပါးနည်းပြမော်ရင်ဟိုက “ကလပ်အသင်းတိုင်းလိုလိုမှာတော့ သူတို့အသင်းရဲ့ပင်ကိုယ်အခြေအနေတွေ အယူအဆတွေ ကစားသမားအတွက် ချဉ်းကပ်မှုတွေဆိုတာ ရှိတတ်ပါတယ်။ လာမယ့်နှစ်အတွက် အသင်းက ငွေကြေးသုံးစွဲမှုတွေ များစွာလုပ်ဆောင်လိမ့်မယ်လို့တော့ မထင်မိပါဘူး။ ကျွန်တော်ကတော့ ကျွန်တော့်အသင်းကို ဟန်ချက်ညီညီလေး ဖြစ်နေစေချင်တယ်။ အရိုးသားဆုံးပြောရရင် ငွေကြေးသုံးစွဲမှုကြမ်းကြမ်းတွေပါ လုပ်ဆောင်ချင်တာပါ။ ကျွန်တော်တို့အသင်းက အခြားအသင်းကြီးတွေနဲ့ လိဂ်တစ်ခုတည်းမှာ ရှိနေတယ်ဆိုပေမယ့် ဘဏ္ဍာရေးအပိုင်းမှာတော့ ကွဲပြားခြားနားမှုတွေတော့ ရှိပါတယ်။ ကလပ်အသင်းကို ပိုမိုတိုးတတ်လာစေဖို့အတွက်ဆိုရင်တော့ အသင်းကို လိုအပ်တဲ့ ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်ပေးပြီး အောင်မြင်မှုတွေ ပြန်လည်ပိုင်ဆိုင်ခဲ့တဲ့ ကိစ္စရပ်တွေကို ဥပမာယူထားသင့်ပါတယ်။ အပြောင်းအလဲတွေမလုပ်ပဲ လာမယ့်နှစ်ကို ဒီလူစာရင်းအတိုင်း ဆက်သွားမယ်လို့ ထင်သလားမေးရင်တော့ ကျွန်တော့်အဖြေက No ပါ။ နေရာ(၂)နေရာလောက်မှာတော့ အပြောင်းအလဲ အနည်းငယ်လေးတွေဖြစ်ဖြစ် လုပ်ဆောင်ဖို့ မဖြစ်မနေ လိုအပ်ပါသေးတယ်။ ဒါကိုတော့ ကျွန်တော်မျှော်လင့်ပါတယ်” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။