စပါးအသင်းရဲ့ နည်းပြဖြစ်သူ ဟိုဆေးမော်ရင်ဟိုကတော့ သူရဲ့စပါးအသင်းက လိဒ်စ်ယူနိုက်တက်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတွေထဲကမှ အက်စတွန်ဗီလာအသင်းရဲ့ ခြေစွမ်းတွေကို သဘောအကျဆုံး ဖြစ်နေပြီး ဗီလာရဲ့ပွဲစဉ်တွေကို ကြည့်ရှရတာဟာလည်း အလွန်နှစ်သက်ဖို့ကောင်းတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : talkSPORT

မော်ရင်ဟိုရဲ့စပါးအသင်းဟာ လိဒ်စ်နဲ့ပွဲစဉ်မတိုင်ခင်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၄)ပွဲဆက်တိုက်အထိကို နိုင်ပွဲပျောက်ဆုံးထားခဲ့ရတာ ဖြစ်ပေမယ့်လည်း လိဒ်စ်နဲ့ပွဲမှာတော့ ဂိုးပြတ်နိုင်ပွဲတစ်ခုကို ပြန်လည်ဖော်ဆောင်နိုင်ခဲ့ပြီး နိုင်ပွဲပျောက်နေမှုကိုပါ အဆုံးသတ်နိုင်ခဲ့ရပါတယ်။ စပါးအသင်းအနေနဲ့ ဒီရက်ပိုင်းအတွင်းမှာတော့ ပြည်တွင်းရှုံးထွက်ဖလား ပွဲစဉ်တွေအဖြစ် လာမယ့်ကြားရက်မှာ ဘရန်ဖို့ဒ်အသင်းနဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဆင်နွဲသွားရမှာဖြစ်ပြီး အဲ့ဒီပွဲပြီးရင်တော့ အသင်းငယ်လေး မာရိန်းအသင်းနဲ့ အက်အေဖလားပွဲကို ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီပွဲတွေအပြီးမှ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဗီလာအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Photo Credit : Goal

စပါးနည်းပြမော်ရင်ဟိုက “ကျွန်တော်တို့တွေ ယှဉ်ပြိုင်ကစားတဲ့အချိန်မှာ ထိပ်ဆုံးအသင်း(၆)သင်းစာရင်းဝင် အသင်းတစ်သင်းက ပွဲတွေကို သိပ်အခက်အခဲမရှိ ကစားနိုင်လိမ့်မယ်လို့ လူတွေက တွေးတောလာကြတယ်။ ကျွန်တော်ကတော့ ဒါတွေကို မယုံကြည်ပါဘူး။ လိဒ်စ်က အတော်လေးကို ကစားရခက်တဲ့ အသင်းဖြစ်သလို အက်စတွန်ဗီလာဆိုရင်တော့ လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာဆိုရင် ကျွန်တော့်အတွက် အကြိုက်ဆုံးအသင်းတစ်သင်းလို့တောင် ပြောလို့ရတယ်။ သူတို့ကစားတဲ့ ပွဲစဉ်တွေကို ကြည့်ရတာက အရမ်းနှစ်သက်ဖို့ ကောင်းမွန်လှပါတယ်။ သူတို့မှာ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားသလို နည်းပြကောင်းတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားပါတယ်။ ဒါတွေကပဲ သူတို့အသင်းကို နောက်ထပ်အဆင့်တစ်ခုစီ ရောက်သွားစေခဲ့ပါတယ်” လို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။ ဗီလာအသင်းကလည်း ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက တန်းမဆင်းရအောင် ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီမှာတော့ မထင်ထားလောက်အောင် တိုးတတ်ပြောင်းလဲသွားခဲ့ပြီး လီဗာပူးလ် အာဆင်နယ်တို့ကို အနိုင်ယူထားသလို ချယ်လ်ဆီးကိုလည်း သရေရအောင် ကစားထားခဲ့ကာ အမှတ်ပေးဇယား Top 10 အတွင်းမှာပါ ရပ်တည်လို့ထားပြီး အသင်းရဲ့ ကစားသမားအများစုကလည်း ခြေစွမ်းကောင်းတွေ ပြသလျက်ရှိနေပါတယ်။ ဗီလာနဲ့ စပါးအသင်းတို့ဟာ လာမယ့်(၁၄)ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၈)အဖြစ်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။