ပေါ်တိုလို အသင်းမျိုးကို ဥရောပချန်ပီယံလိဂ်ဆုဖလား ရယူပေးနိုင်ခဲ့ပြီးတော့ ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ် စပယ်ရှယ်ဝမ်းဆိုတဲ့ ဆောင်ပုဒ်ကောင်းတစ်ခုနဲ့ ရောက်ရှိလာခဲ့တဲ့ နာမည်ကျော် ဘောလုံးနည်းပြကြီး ဟိုဆေးမော်ရင်ဟိုဟာ ပေါ်တိုနဲ့ အောင်မြင်မှုတွေ ရယူခဲ့ပြီးနောက် ချယ်လ်ဆီး အင်တာမီလန် ရီးရဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက်အသင်းတွေကို တောက်လျှောက်ကိုင်တွယ်ခဲ့ပြီးနောက် လက်ရှိမှာတော့ စပါးအသင်းရဲ့နည်းပြအဖြစ် ဆက်လက်ဆောင်ရွှက်လို့နေပါတယ်။ ဒိတ်ဒိတ်ကြဲ ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ရတဲ့ မော်ရင်ဟိုဟာ သူရဲ့နည်းပြဘဝအတွင်း မမေ့နိုင်စရာ ခါးသီးတဲ့အမှတ်တစ်ခုကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။

Photo Credit : All Football

ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြကြီး မော်ရင်ဟိုက သူရဲ့နည်းပြဘဝအတွင်း သူကိုင်တွယ်တဲ့ ကလပ်အသင်းရဲ့ ကျရှံးမှုကြောင့် သူမျက်ရည်မဆည်နိုင်အောင် ငိုကြွေးခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုသာ ရှိခဲ့ကြောင်းကို အင်တာဗျူးတစ်ခုမှာ ထည့်သွင်းပြောဆိုလာခဲ့ပါတယ်။ မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့စဉ်တုန်းက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အတွင်း ဘိုင်ယန်မြူးနစ်နဲ့ ဆုံတွေ့ခဲ့ရာ ပွဲအဖြေမပေါ်သေးလို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရင်းနဲ့ ဘိုင်ယန်က ပင်နယ်တီမှာ အနိုင်ရပြီး ချန်ပီယံလိဂ်ဖိုင်နယ်ကို တတ်လှမ်းနိုင်ခဲ့ကာ ရီးရဲလ်ကတော့ ဆီမီးကနေ လှည့်ပြန်ခဲ့ရပါတယ်။

 

Photo Credit : All Football

အဲ့ဒီအချိန်တုန်းက ပင်နယ်တီအဆုံးအဖြတ် ခံယူရမှာ ရီးရဲလ်ဘက်က နာမည်ကြီး ဘောလုံးသမားဖြစ်တဲ့ ရော်နယ်ဒို ကာကာ ရာမို့စ်တို့ရဲ့ ပင်နယ်တီကန်ချက်တွေအားလုံး လွဲချော်ခဲ့ရပြီး ဖိုင်နယ်မှာ ချယ်လ်ဆီးအသင်းနဲ့ ဗိုလ်လုရမယ့်အရေးကို လက်လွတ်ခဲ့ရပါတယ်။ အဲ့ဒီအမှတ်တရနဲ့ပတ်သက်ပြီး မော်ရင်ဟိုက “ကံဆိုးခဲ့တယ်ပေါ့လေ။ ဒါပေမယ့် ဒါကဘောလုံးပြိုင်ပွဲပဲ။ ရော်နယ်ဒို ကာကာ ရာမို့စ် ဘောလုံးလောကအတွင်းရဲ့ ပြီးပြည့်စုံလှတဲဲ့ ကစားသမား(၃)ယောက်ရဲ့ ပင်နယ်တီကန်ချက်တွေက သွင်းဂိုးတွေ ဖြစ်မလာခဲ့ဘူး။ ဒါပေမယ့် သူတို့ကလည်း လူသားတွေပဲလေ။ အဲ့ဒီညကတော့ ကျွန်တော်နည်းပြဘဝအတွင်း တစ်ကြိမ်တည်းသော ငိုကြွေးခဲ့ရတဲ့ည ဖြစ်ခဲ့ရတယ်။ အားလုံးကိုလည်း ပြန်အမှတ်ရနေတယ်။ ကျွန်တော်ရဲ့ကားထဲမှာ ငိုကြွေးခဲ့ရတယ်။ အဲ့ဒီခံစားချက်က အရမ်းကိုခက်ခဲလွန်းတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီနှစ်က ကျွန်တော်တို့အသင်း အရမ်းကောင်းခဲ့တဲ့ အခြေအနေတစ်ခုကို ပိုင်ဆိုင်ခဲ့လို့ပါ” လို့ ပြန်လည်ပြောဆိုလာခဲ့ပါတယ်။ ရီးရဲလ်အသင်းက အဲ့ဒီနှစ်က လာလီဂါမှာတော့ စံချိန်တင်ရမှတ် ရဂိုးတွေနဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။