စပါးအသင်းရဲ့ နည်းပြဟိုဆေးမော်ရင်ဟိုဟာ စပါးအသင်းကို မကိုင်တွယ်ခဲ့စဉ်တုန်းက ပေါ်တို ချယ်လ်ဆီး အင်တာမီလန် ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်တို့လို ဥရောပထိပ်သီးအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး ကမ္ဘာကျော်ကစားသမားအများအပြားကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ သူကိုင်တွယ်ခဲ့ဖူးသမျှ အသင်းတွေမှာ သူနဲ့လက်တွဲခဲ့တဲ့ ကစားသမားတွေဟာ များစွာရှိခဲ့တာဖြစ်ပြီး ဒီထဲကမှ သူ့အတွက် အကောင်းဆုံးလို့ သတ်မှတ်ရမယ့် ကစားသမား(၁၁)ယောက်ကို သူ့အတွက် အကောင်းဆုံးအသင်းကို ရွေးချယ်ပေးသွားခဲ့ပါတယ်။

Photo Credit : Bleacher Report

မော်ရင်ဟိုဟာ လက်ရှိမှာ စပါးအသင်းကို ကိုင်တွယ်နေပေမယ့်လည်း သူရဲ့အကောင်းဆုံးကစားသမားစာရင်းမှာတော့ စပါးအသင်းက ကစားသမားတွေ တစ်ယောက်မှမပါဝင်ခဲ့သလို သူ့ကိုထုတ်ပယ်ခဲ့တဲ့ မန်ချက်စတာာယူနိုက်တက်အသင်းက ကစားသမားတွေကိုလည်း ချန်လှပ်ခဲ့ပါသေးတယ်။ ဂိုးသမားနေရာမှာတော့ ချယ်လ်ဆီးအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ချက်ဂိုးသမားကြီး ပီတာချက်ကို ရွေးချယ်ခဲ့ပြီး ဒီဂိုးသမားကြီးဟာ မော်ရင်ဟိုကြောင့်ပဲ ကမ္ဘာကျော်ဂိုးသမားတစ်ယောက် ဖြစ်လာခဲ့ရတာဖြစ်ကာ အခုတော့ ဘောလုံးသမားဘဝကနေတောင် အနားယူလိုက်ပြီပဲဖြစ်ပါတယ်။

Photo Credit : Zimbio

ခံစစ်ပိုင်းမှာလည်း မော်ရင်ဟိုက သူနဲ့ ချယ်လ်ဆီးအသင်းမှာ တွဲဖက်လုပ်ကိုင်ခဲ့ဖူးသူတွေဖြစ်သော ကာဗယ်ဟို ဂျွန်တယ်ရီ ဝီလျံဂါးလက်စ်နဲ့ အင်တာမီလန်အသင်းရဲ့ ဂန္တဝင်နောက်ခံကစားသမား အသင်းခေါင်းဆောင် ဇနက်တီတို့ကို ရွေးချယ်ထားပါတယ်။ မော်ရင်ဟိုဟာ တယ်ရီ ဂါးလက်စ် ကာဗယ်ဟိုတို့နဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့ကာ ဇနက်တီနဲ့ကတော့ အင်တာမီလန်အသင်းမှာ တစ်ရာသီတည်း ဆုဖလား(၃)လုံးကို ပိုင်ဆိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ကွင်းလယ်ပိုင်းမှာလည်း ချယ်လ်ဆီးအသင်းမှာ သူ့တပည့်ဟောင်းတွေဖြစ်ခဲ့တဲ့ မက်ခီလီလီနဲ့ ဖရန့်လမ်းပတ်တို့ကို ရွေးချယ်ခဲ့ကာ နောက်ထပ်တစ်ယောက်ကိုတော့ ရီးရဲလ်မက်ဒရစ်မှာ သူနဲ့အဆင်မပြေမှုတွေရှိခဲ့တဲ့ အိုဇေးကို ရွေးချယ်ထားပါတယ်။ တိုက်စစ်ပိုင်းမှာတော့ ရီးရဲလ်မှာ သူနဲ့အကောင်းဆုံးတွဲဖက်နိုင်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့အတူ ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်မှာ အကောင်းဆုံးတွေဖြစ်ခဲ့တဲ့ ဒရော့ဘာနဲ့ဟာဇက်တို့ကို ရွေးချယ်ပေးသွားခဲ့ပါတယ်။