လက်ရှိမှာ စပါးအသင်းရဲ့နည်းပြရာထူးကို တာဝန်ယူဆောင်ရွှက်နေတဲ့ ဟိုဆေးမော်ရင်ဟိုဟာ စပါးကို မကိုင်တွယ်ခင် ဥရောပထိပ်သီး ကလပ်အသင်းတွေဖြစ်တဲ့ ပေါ်တို ချယ်လ်ဆီး အင်တာမီလန် ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်တို့မှာလည်း နည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးပြီး အသင်းတိုင်းလိုလိုမှာ အောင်မြင်မှုများစွာကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအသင်းတွေအားလုံးထဲမှာ ယူနိုက်တက်အသင်းက သူ့အတွက် လုံလောက်တဲ့အချိန်အတိုင်းအတာတစ်ခုကို ပိုပေးခဲ့သင့်တယ်လို့ မော်ရင်ဟိုက မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit : Sky Sports

မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲပြီး တစ်နှစ်အကြာ ၂၀၁၆ခုနှစ်မှာပဲ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လက်တွဲဖြစ်ခဲ့ပြီး အသင်းကို စတင်ကိုင်တွယ်တဲ့နှစ်မှာပဲ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ယူဆောင်ပေးခဲ့ကာ အသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် အသင်းနဲ့ နှစ်ရာသီခွဲလောက် ကိုင်တွယ်နေရချိန်မှာတော့ အသင်းဘုတ်အဖွဲ့ဝင်တွေက မော်ရင်ဟိုကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ကစားသမားဟောင်းဆိုးလ်ရှားနဲ့ ပြန်လည်အစားထိုးခဲ့ပါတယ်။

Photo Credit : Pundit Arena

မော်ရင်ဟိုက “ကျွန်တော်ရဲ့နည်းပြသက်တမ်းတလျှောက် အချိန်တချို့မှာ တကယ့် ထိပ်တန်းကလပ်အသင်းတစ်ခုကို ကိုင်တွယ်နေရချိန် အောင်မြင်မှုတွေများစွာကို ရယူနိုင်ဖို့အတွက် လုံလောက်တဲ့ အချိန်အတိုင်းအတာတစ်ခုကို မပိုင်ဆိုင်နိုင်ခဲ့ရပါဘူး။ ကျွန်တော်အနေနဲ့ ပေါ်တို ရီးရဲလ်မက်ဒရစ် အင်တာမီလန်နဲ့ ချယ်လ်ဆီးမှာဆိုရင်လည်း နှစ်ခါကိုင်တွယ်ခဲ့ချိန်တွေမှာတော့ အချိန်ရှည်ကြာစွာ မစောင့်ဆိုင်းခဲ့ရပဲ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်ရဲ့စိတ်ဆန္ဒကတော့ မတူကွဲပြားတာတွေကို လုပ်ဆောင်ချင်တယ်။ မတူညီတဲ့ နိုင်ငံတွေကိုသွားရောက်ပြီး ဒီအသင်းတွေနဲ့အတူ ဆုဖလားတွေကို ရယူချင်တယ်။ မတူညီတဲ့ အတွေ့အကြုံတွေကို ပိုင်ဆိုင်ချင်တယ်။ ဆုဖလားတွေ ရယူပေးမယ်။ ပြီးရင် ဒီအသင်းကို နှုတ်ဆက်ပြီး နောက်ထပ်အသင်းဆီမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်မယ်။ အရမ်းပြည့်စုံတဲ့ ပုံစံမျိုးပါ။ ကျွန်တော်အနေနဲ့ ပထမဆုံးအကြိမ်အဖြစ် အောင်မြင်မှုတွေ ရယူဖို့ကို အချိန်လိုအပ်တယ်လို့ စတင်ခံစားမိစေခဲ့တဲ့ အသင်းက ယူနိုက်တက်ပါ။ သူတို့ကလည်း ကျွန်တော့်အတွက် အချိန်မပေးနိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွန်တော့်ကို အသင်းတည်ဆောက်နေတဲ့ လုပ်ငန်းဆောင်တာတွေရဲ့ တဝက်လောက်မှာပဲ ထုတ်ပယ်ခဲ့လို့ပါ။ ဒါပေမယ့် ကျွန်တော် ယူနိုက်တက်ကနေ သင်ယူခဲ့ရတဲ့ အရာတွေကတော့ အများကြီးပါပဲ။ သူတို့နဲ့လည်း ဆက်ဆံရေးကောင်းတွေ အခုထိကို ရှိနေပါသေးတယ်” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။