စပါး နည်းပြ မော်ရင်ဟိုကတော့ ယနေ့ည လိုက်ဇစ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ် မတိုင်ခင် စပါးအသင်းကို ဆုဖလား ရရှိအောင် ကူညီပေးပါမယ်လို့ ကတိပေး ပြောခဲ့ပါတယ်။ နည်းပြ မော်ရင်ဟိုရဲ့ စပါးအသင်းဟာ ယနေ့ည (၂း၃၀) အချိန်မှာ လိုက်ဇစ်အသင်းနဲ့ ချန်ပီယံ လိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်ကို အဝေးကွင်းမှာ သွားကစားရမှာ ဖြစ်ပါတယ်။ စပါးအသင်းဟာ အိမ်ကွင်းမှာ လိုက်ဇစ်အသင်းနဲ့ ကစားခဲ့စဉ်က လိုက်ဇစ် တိုက်စစ်မှူး ဝါနာရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ပြီး (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ယနေ့ည ပွဲစဉ်က အရေးကြီးနေပါတယ်။

Photo Credit: Goal

စပါးအသင်းဟာ ယနေ့ညမှာ လိုက်ဇစ်အသင်းကို ရှုံးနိမ့်မယ် ဆိုရင် ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်သွားရမှာ ဖြစ်တာကြောင့် စပါးအသင်းအနေနဲ့ အနိုင်ရဖို့ အားခဲလာမှာ သေချာပါတယ်။ နည်းပြ မော်ရင်ဟိုကတော့ ယနေ့ည လိုက်ဇစ်အသင်းနဲ့ ပွဲစဉ် မတိုင်ခင် အခြားအသင်းတွေကို နည်းပြခဲ့စဉ်က ဖလား ယူခဲ့သလိုမျိုး စပါးအသင်းနဲ့လည်း ဖလား ယူမယ်လို့ ပြောသွားပါတယ်။ နည်းပြ မော်ရင်ဟိုဟာ ပေါ်တိုအသင်း၊ ချဲလ်ဆီးအသင်း၊ အင်တာအသင်း၊ ရီးရဲလ်အသင်း နဲ့ မန်ယူအသင်းကို နည်းပြခဲ့စဉ်က ဖလား ရရှိခဲ့ပြီး စပါးအသင်းနဲ့လည်း ဖလား ရယူမယ်လို့ ပြောပါတယ်။

Photo Credit: Goal

နည်းပြ မော်ရင်ဟိုက “စပါးအသင်းက ကျွန်တော် ဖလား မယူပေးနိုင်တဲ့ အသင်း မဖြစ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော် နည်းပြခဲ့တဲ့ အသင်းတိုင်းမှာ ကျွန်တော် ဖလားတွေ ယူနိုင်ခဲ့ပါတယ်။ ကျွန်တော် စပါးအသင်းနဲ့လည်း ဆုဖလား ရရှိမယ်လို့ ယုံကြည်နေပါတယ်။ ကျွန်တော် ဒီအသင်းကို နည်းပြတာ (၃) လ ဒါမှမဟုတ် (၄) လပဲ ရှိပါသေးတယ်။ ကျွန်တော် ဒီအသင်းကို အလွန် ခက်ခဲတဲ့ အခြေအနေမှာ တာဝန်ယူခဲ့ပါတယ်။ အခု များပြားလွန်းလှတဲ့ ပြဿနာကြောင့် ပိုတောင် ခက်ခဲနေပါတယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုကိုယ်ရော အသင်းကစားသမားတွေရော အသင်းကိုရော ယုံကြည်တယ်။ ကျွန်တော် အသင်းနဲ့ စာချုပ် ရှိနေတဲ့ ကာလအတွင်းမှာ အသင်းကို ဆုဖလား ရရှိဖို့ ကူညီသွားမှာပါ”လို့ ပြောသွားတာ ဖြစ်ပါတယ်။