စပါး နည်းပြ မော်ရင်ဟိုကတော့ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ စပါးအသင်းရဲ့ ပွဲဦးထွက် (၁၁) ဦးက လိုက်ပ်ဇစ် အရန် ကစားသမားတွေနဲ့ ညီမျှတယ်လို့ ပြောသွားပါတယ်။ စပါးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယ အကျော့မှာ လိုက်ပ်ဇစ်အသင်းကို (၃-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက ထွက်ခဲ့ရပြီပဲ ဖြစ်ပါတယ်။ စပါးအသင်းဟာ ပထမအကျော့ ပွဲစဉ်မှာလည်း လိုက်ပ်ဇစ်အသင်းကို အိမ်ကွင်းမှာ (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် (၄-ဝ) နဲ့ ပြိုင်ပွဲက ထွက်သွားခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ မော်ရင်ဟိုဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဟယ်ရီကိန်း နဲ့ ဆွန်ဟောင်မင်တို့ကို ဒဏ်ရာကြောင့် အသုံးပြုလို့ မရခဲ့ဘဲ ဒယ်လီ အယ်လီကို တိုက်စစ်မှာ အသုံးပြုခဲ့ရပါတယ်။ စပါးအသင်းဟာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဘာ့ချ်ဝင်၊ ဒေးဗစ်၊ ဒါဗင်ဆွန် ဆန်းချက်၊ နဲ့ ဆစ်ဆိုကိုတို့ မပါဘဲ လိုက်ပ်ဇစ်အသင်းကို ရင်ဆိုင်ခဲ့ရပြီး ဂိုးပြတ် အရေးနိမ့်ခဲ့ရပါတယ်။ စပါး နည်းပြ မော်ရင်ဟိုကတော့ ဘယ်အသင်းမဆို အဓိက ကစားသမား (၆) ဦး မပါဘဲနဲ့ ပွဲကစားရမယ် ဆိုရင် ရုန်းကန်ရလိမ့်မယ်လို့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Photo Credit: Goal

စပါး နည်းပြ မော်ရင်ဟိုက “ကျွန်တော်တို့မှာ ပြဿနာတွေ အများကြီး ရှိပြီး ဒါက တကယ်ကို ခက်ခဲပါတယ်။ ကျွန်တော် မနေ့က ပွဲစဉ်ကို အကောင်းမြင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီပွဲစဉ်က ဒီလိုပဲ ဖြစ်သင့်ပါတယ်။ အမှန်တရားက အခြား တစ်ဖက်မှာပါ။ ပြိုင်ဘက်အသင်းက အများကြီး ပိုပြီး ကောင်းခဲ့ပါတယ်။ ဒီပွဲစဉ်က ခက်ခဲခဲ့ပါတယ်။ လိုက်ပ်ဇစ်အသင်းအနေနဲ့ ကွာတား ဖိုင်နယ်ကို တက်သွားဖို့ ထိုက်တန်ပါတယ်။ ဘယ်အသင်းမဆို အဓိက ကစားသမား (၅) ဦး၊ ဒါမှမဟုတ် (၆) ဦးမပါရင် ရုန်းကုန်ရမှာပါ။ ဒီလောက်ကို ရိုးရှင်းပါတယ်။ လိုက်ပ်ဇစ်အသင်းရဲ့ အရန်ခုံက အရန်ကစားသမားတွေက လက်ရှိအချိန်မှာ ကျွန်တော့်ရဲ့ ပွဲဦးထွက် (၁၁) ဦး ဖြစ်ပါတယ်”လို့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။