စပါးအသင်းရဲ့နည်းပြဖြစ်သူ ဟိုဆေးမော်ရင်ဟိုက ဒီနှစ်ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ တစ်ရာသီအငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ဝေးလ်စ်တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ဟာ လက်ရှိမှာ အသင်းအတွက် ပြိုင်ပွဲစုံ(၃)ပွဲ ပါဝင်ကစားထားရခဲ့ပေမယ့် တစ်ပွဲမှကို ပွဲချိန်ပြည့်ကစားရခြင်း မရှိခဲ့သလို သွင်းဂိုးလည်းရယူနိုင်ခြင်း မရှိသေးပဲ ဂိုးဖန်တီးမှု (၁)ကြိမ်ကိုသာ ယူရိုပါလိဂ်ပွဲစဉ်အတွင်းမှာ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Football.London

စပါးအသင်းပရိသတ်များစွာက သူတို့အသင်းဆီ တကျော့ပြန် ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဘေးလ်ကို အသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဟယ်ရီကိန်း ဆွန်ဟောင်မင်တို့နဲ့တွဲဖက်ပြီး ကြောက်ခမန်းလိလိ တိုက်စစ်အစုအဖွဲ့ဖြစ်လာလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် လတ်တလောအထိတော့ ဒီကစားသမား(၃)ယောက်ရဲ့ တိုက်စစ်အတွဲအဖက်ကောင်းကို မမြင်တွေ့ရသေးသလို ဘေးလ်ရဲ့ပုံစံကောင်းကိုလည်း မမြင်တွေ့ရသေးပါဘူး။ ဒီကိစ္စရပ်တွေနဲ့ပတ်သက်ပြီး နည်းပြမော်ရင်ဟုုိက “ကျွန်တော်ထပ်ပြောပါမယ်။ (၇)နှစ်ဆိုတာက ကြီးမားလွန်းလှတဲ့ ကွာဟချက်တစ်ခုပါ”

Photo Credit : AS English

“ကမ္ဘာပေါ်ရှိတဲ့ ဘယ်ကစားသမားက လွန်ခဲ့တဲ့(၇)နှစ်တုန်းက သူပြသခဲ့တဲ့ ခြေစွမ်းအတိုင်းကို (၇)နှစ်အကြာလောက်မှာ ပြန်လည်ပြသနိုင်မှာလဲ။ အများစုကတော့ (၇)နှစ်အကြာလောက်မှာဆို ကွဲပြားခြားနားတဲ့သူတွေ ဖြစ်သွားတတ်ပါတယ်။ ဥပမာအားဖြင့် ရော်နယ်ဒိုနဲ့မက်ဆီတို့ကို အရင်(၇)နှစ်က ပုံစံနဲ့ အခုလက်ရှိပုံစံကို နှိုင်းယှဉ်ကြည့်ကြည့်ပါ။ ဒီလို ပြောင်းလဲလာမှုတွေက စွမ်းဆောင်ရည်ကောင်းတတ်တဲ့ ကစားသမားတွေမှာ ဖြစ်တတ်လေ့ရှိတယ်။ ဒါကြောင့် အခု ဘေးလ်ကလည်း အရင်(၇)နှစ်တုန်းကနဲ့မတူပဲ ခြားနားတဲ့ ကစားသမားဖြစ်နေပါပြီ။ သူက လေ့ကျင့်ရေးမှာရော ပွဲအတွင်းမှာပါ အတော်လေးကို ကြိုးစားတယ်။ တိုးလည်းတိုးတတ်လာတယ်။ လေ့ကျင့်ရေးအစီအစဉ်မှာဆိုရင် ဂိုးကန်ချက်တစ်ကြိမ်မှကို မလွဲချော်ခဲ့ဘူး။ ဒါပေမယ့် ပွဲအတွင်း မိနစ်(၉၀)အပြည့် ပါဝင်ကစားဖို့ဆိုတာကတော့ ခက်ခဲနေဆဲပါ။ သိပ်မကြာခင်မှာပဲ ပိုကောင်းတဲ့ အဆင့်တစ်ခုကို ရောက်ရှိလာဖို့တော့ မျှော်လင့်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဘေးလ် ပါဝင်ကစားခွင့်ရခဲ့တဲဲ့ ပွဲစဉ်(၃)ပွဲအတွင်းမှာ စပါးအသင်းက (၁)ပွဲသာ အနိုင်ရခဲ့ပြီး (၁)ပွဲသရေကျပြီး (၁)ပွဲရှံးထားခဲ့ရပါတယ်။ ဘယ်ဂျီယံကလပ် အန့်ဝပ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွင်းမှာ ဘေးလ်က စပါးအသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရပေမယ့်လည်း ခြေစွမ်းပြသနိုင်ခြင်းမရှိပဲ (၅၈)မိနစ်အရောက်မှာ တိုက်စစ်ကစားသမား ဟယ်ရီကိန်းနဲ့ပါ လူစားလဲခံခဲ့ရပါတယ်။