MySport Myanmar

သူရဲ့ အသင်းဟောင်းဆီ ပြန်သွားဖွယ် ရှိနိုင်တဲ့ နည်းပြကြီး မော်ရင်ဟို

ရိုးမားအသင်းနဲ့ (၂)နှစ်ခွဲ လက်တွဲပြီးနောက်ပိုင်း ရုတ်တရက်ကြီး လမ်းခွဲလိုက်ရတဲ့ နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုဟာ လက်ရှိ အချိန်မှာ သူရဲ့ အသင်းဟောင်းတွေထဲကမှ ပေါ်တိုအသင်းဆီကို ပြန်သွားဖွယ် ရှိနိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဘောလုံးလောကရဲ့ စပယ်ရှယ်ဝမ်း နည်းပြ မော်ရင်ဟိုဟာ သူ ကိုင်တွယ်ခဲ့တဲ့ ကလပ်အသင်းတွေနဲ့အတူ ဆုဖလား အောင်မြင်မှု အမြောက်အများကို ရယူနိုင်ခဲ့သလို သူကိုယ်တိုင်ကလည်း နည်းပြလောကရဲ့ ထိပ်တန်း နည်းပြကြီး တစ်ဦးအဖြစ် အကြိမ်ကြိမ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

Photo Credit : Eurosport

ဒါပေမယ့် အောင်မြင်မှုတွေနဲ့အတူ မော်ရင်ဟိုဟာ တတိယမြောက် ဘောလုံးရာသီ ကျိန်စာဆိုးတစ်ခုပါ ရှိနေရပြီး ချယ်လ်ဆီး ရီးယဲလ် မန်ယူနိုက်တက်တို့နဲ့ အခု ရိုးမားအသင်းမှာပါ ဒီကျိန်စာဆိုးနဲ့ ဆက်လက် ရင်ဆိုင်ခဲ့ရကာ အသင်းကနေ ဖယ်ရှားခံခဲ့ရပါတယ်။

မော်ရင်ဟိုလို ပုံရိပ်ကြီးမားပြီး ရောက်လေရာ အသင်းတိုင်းမှာ အောင်မြင်မှုတွေ ရယူပေးနိုင်တက်တဲ့ နည်းပြတစ်ဦးကို ကလပ်အသင်းတိုင်းက အလိုရှိနေကြပြီး လက်ရှိမှာတော့ နယူးကာဆယ် ဆော်ဒီကလပ်တွေနဲ့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။

Photo Credit : Eurosport

ဒီလို သတင်းထွက်ပေါ်နေချိန်မှာ မော်ရင်ဟိုက သူရဲ့ကလပ်အသင်းဟောင်း ပေါ်တိုနဲ့ပါ သတင်းထွက်လာပါတယ်။ ပေါ်တိုအသင်းက မကြာခင်မှာ အသင်းဥက္ကဌ အပြောင်းအလဲ လုပ်ဆောင်ဖို့ ရှိနေပြီး ဥက္ကဌ ရွေးကောက်မှုမှာလည်း အသင်းနည်းပြဟောင်း ဘိုအာ့စ်က ဥက္ကဌလောင်းလျာအဖြစ် ပါဝင်လို့နေပါတယ်။

တကယ်လို့ ဘိုအာ့စ်သာ ပေါ်တိုအသင်း ဥက္ကဌ ဖြစ်လာခဲ့မယ်ဆိုရင် သူရဲ့ ဆရာသမားဟောင်း မော်ရင်ဟိုကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ရှိနေပြီး ပေါ်တိုပရိသတ်တွေက ဘိုအာ့စ်ကို အသင်းဥက္ကဌ မဖြစ်လာစေချင်ပေမယ့် မော်ရင်ဟိုလို အသင်းအတွက် ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့တဲ့ နည်းပြကြီးကို အသင်းအတွက် ပြန်လည် ခန့်အပ်ပေးမယ်ဆိုရင် အသင်းပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာနိုင်ပါတယ်။

Exit mobile version