မနေ့ညက စိန့်မေရီကွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ စပါးအသင်းတို့ရဲ့ပွဲစဉ်မှာ စပါးအသင်းအတွက် တစ်ဦးတည်းသွင်းဂိုး(၄)ဂိုးလုံးကို သွင်းယူနိုင်ခဲ့တဲ့ တောင်ကိုရီးယားသား ဆွန်ဟောင်မင်ထက် ဆွန်ရဲ့သွင်းဂိုးတွေအားလုံးအတွက် ဖန်တီးမှုတွေ လုပ်ဆောင်နိုင်ခဲ့တဲ့အပြင် ကိုယ်တိုင်ပါ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ စပါးအသင်းခေါင်းဆောင် တိုက်စစ်မှူးဟယ်ရီကိန်းကသာ တစ်ပွဲလုံးရဲ့ အကောင်းဆုံးကစားသမားဆု(Man of the Match) အဖြစ် သတ်မှတ်ခံခဲ့သင့်တာလို့ စပါးနည်းပြ ဟိုဆေးမော်ရင်ဟိုက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ဆောက်သမ်တန်အိမ်ကွင်း စိန့်မေရီမှာ ကစားရတဲ့အခါတိုင်း ရုန်းကန်ရတတ်တဲ့ စပါးအသင်းဟာ မနေ့ညက ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပွဲချိန်ပထမပိုင်းမှာ ဘာမှမယ်မယ်ရရ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပဲ ဒုတိယပိုင်းမှသာ သွင်းဂိုးတွေကို ဆက်တိုက်သွင်းယူနိုင်ခဲ့တာဖြစ်ကာ ဆွန်ဟောင်မင်တစ်ဦးတည်းကပဲ တစ်ပွဲတည်း(၄)ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီလိုစွမ်းဆောင်ရည်တွေကြောင့် ဆွန်ကို တစ်ပွဲလုံးရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပေမယ့်လည်း မော်ရင်ဟိုကတော့ ဆွန်ထက် ကိန်းကသာ ဒီပွဲရဲ့ MOTM ဖြစ်သင့်တယ်လို့ စောဒကတတ်သွားခဲ့ပါတယ်။

Photo Credit : Goal

ပွဲအပြီးမှာ BBC ရုပ်သံနဲ့ ဆွန်ဟောင်မင်တို့ အင်တာဗျူးလုပ်ဆောင်နေစဉ်အတွင်း မော်ရင်ဟိုက ကြားဖြတ်လာခဲ့ပြီး “တစ်ပွဲလုံးရဲ့ အကောင်းဆုံးကစားသမားက ဟယ်ရီကိန်းဖြစ်ရမှာမလား” ဆိုတဲ့ စကားတစ်ခွန်းကို ဝင်ရောက်ပြောဆိုသွားခဲ့ပါတယ်။ မော်ရင်ဟိုရဲ့စကားကို ဆွန်ကိုယ်တိုင်က လက်ခံသွားခဲ့ပြီး “ဟုတ်ပါတယ် ကျွန်တော်လည်း ဒီအတိုင်းပဲ ပြောဆိုမလို့ပါ။ ကျွန်တော်က ဟယ်ရီကိန်းက ဒီပွဲရဲ့အကောင်းဆုံးကစားသမားလို့ ပြောမလို့ပါ ဘာကြောင့်လဲဆိုတော့ သူက သွင်းဂိုးတစ်ဂိုးလည်း သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု(၄)ကြိမ်လုံးကိုလည်း ပြုလုပ်နိုင်ခဲ့ပါသေးတယ်။ ကျွန်တော်နဲ့ ဟယ်ရီတို့က အတူတကွ လက်တွဲလုပ်ကိုင်လာခဲ့တာဆိုရင် အတော်ကြာပါပြီ။ အခုဆိုရင်ပဲ (၆)ရာသီမြောက် ရှိလို့နေပြီ။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်လည်း ကောင်းကောင်းသိနေကြပြီ။ နောက်ပြီး ကျွန်တော်တို့နှစ်ယောက်ကြားက ကွင်းအတွင်းကွင်းအပြင် ဆက်ဆံရေးကိုလည်း အမြဲကောင်းမွန်နေစေချင်ပါတယ်။ ဒီလိုဖြစ်လာအောင်လည်း ကျွန်တော်တို့ ကြိုးစားနေတယ်လို့ ထင်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ကြားက ဆက်ဆံရေးက ပိုလို့တောင်ကောင်းနေပြီ။ အရမ်းကြီးတော့ မကောင်းသေးဘူးဆိုပေမယ့်လည်း အရမ်းကောင်းလာအောင်တော့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ” လို့ ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။