အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ရိုးမားရဲ့ နည်းပြဖြစ်သူ ဟိုဆေး မော်ရင်ဟိုက သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲထားတဲ့ ဝေးလ်လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၂နှစ် အရွယ် ဝေးလ်လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ် ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိထားသူ ဖြစ်ပြီး သူနဲ့ ရီးရဲလ်မက်ဒရစ်တို့ ကြားမှာ ရှိနေတဲ့ စာချုပ်က ယခုလ ၃၀ရက်နေ့မှာပဲ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Football Italia

ဒါကြောင့်ပဲ ယခုနွေဈေးကွက် အတွင်းမှာ ဂါရတ်ဘေးလ်ကို ခေါ်ယူချင်တဲ့ အသင်းတွေက သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ရှိနေသလို ဂါရတ်ဘေးလ်ကလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝေးလ်အသင်းကို အကောင်းမွန်ဆုံး ဦးဆောင်နိုင်ဖို့ သူနဲ့ သင့်တော်မယ့် အသင်းတသင်းဆီ ကာလတို စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ချင်နေပါတယ်။

ဂါရတ်ဘေးလ်က ကမ္ဘာ့အဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပေမယ့် သူ့ရဲ့ မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့တတ်တဲ့ အခြေအနေကြောင့် ကစားသမားဘဝ ကနေ အနားယူဖို့ စဉ်းစားနေသူ ဖြစ်ပြီး ဝေးလ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ဝင်ပြိုင်ခွင့် ရခဲ့တာကြောင့်သာ ဘောလုံးသမား ဘဝကို ဆက်လက် ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့သူပါ။

Photo Credit: Football Italia

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ El Nacional သတင်းဌာနရဲ့ ဖော်ပြချက်အရ ရိုးမားနည်းပြ မော်ရင်ဟိုက ဂါရတ်ဘေးလ်ကို ကာလတို စာချုပ်တရပ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရိုးမားရဲ့ တာဝန်ရှိသူတွေက ဂါရတ်ဘေးလ်ရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်နေကြောင်းပါ သိရပါတယ်။

ဂါရတ်ဘေးလ်က သူ့ရဲ့ အသင်းသစ်နဲ့ ကာလတို စာချုပ်တရပ်သာ ချုပ်ဆိုချင်နေသလို မော်ရင်ဟိုကလည်း ဂါရတ်ဘေးလ်ကို ကာလတို စာချုပ်တရပ်နဲ့ ခေါ်ယူဖို့ ဆုံးဖြတ်ထားတာကြောင့် သူတို့နှစ်ဦးကြားမှာ တူညီတဲ့ အချက်တွေ ရှိနေပြီး ရိုးမားကသာ မှန်ကန်တဲ့ ကမ်းလှမ်းမှု တရပ် ပြုလုပ်ခဲ့မယ် ဆိုရင် ဂါရတ်ဘေးလ်က ရိုးမားဆီ ပြောင်းရွှေ့လာဖွယ် ရှိနေပါတယ်။