စပါးအသင်းရဲ့နည်းပြဖြစ်သူ ဟိုဆေးမော်ရင်ဟိုကတော့ သူရဲ့အသင်းဟောင်းဖြစ်ခဲ့ံတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့အဆင့်(၄)အနားထိ ရောက်ရှိလာခဲ့တာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်ရဖို့ မျှော်လင့်ချက်တွေ အားကောင်းနေရတာဟာ ကံကောင်းနေတာကြောင့်လည်းပါတယ်လို့ သုံးသပ်ပြောဆိုလိုက်ပြီး သူရဲ့အသင်းဟောင်းကို မထိတထိနဲ့ ခနဲ့သွားခဲ့ပါတယ်။

Photo Credit : News Shopper

ယူနိုက်တက်အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်အလွန် ဘောလုံးပွဲတွေ ပြန်လည်စတင်ချိန်ကနေ ပရီးမီးယားလိဂ် (၇)ပွဲကစားခဲ့ရာမှာ စပါးနဲ့ဆောက်သမ်တန် (၂)သင်းတည်းကိုပဲ သရေကျခဲ့ပြီး ကျန်တဲ့(၅)ပွဲလုံးကို အနိုင်ရခဲ့လို့ အခုဆိုရင် အဆင့်(၃)နေရာက ချယ်လ်ဆီးနဲ့ (၁)မှတ်အကွာ အဆင့်(၄)နေရာက လက်စတာနဲ့ အမှတ်တူဖြစ်နေကာ တိုက်တိုက်ဆိုင်ဆိုင် ဒီတစ်ပတ်မှာ လက်စတာက ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့နည်းပြဟောင်း မော်ရင်ဟိုကိုင်တွယ်နေတဲ့ စပါးအသင်းနဲ့ တွေ့ဆုံသွားရတော့မှာဖြစ်ပါတယ်။

Photo Credit : The Sun

အသင်းဟောင်းယူနိုက်တက်ရဲ့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး မော်ရင်ဟိုက “ယူနိုက်တက်တို့ ဒါကို လုပ်ဆောင်နိုင်လိုက်မယ်ဆိုရင်တော့ ဒီနှစ်ဘောလုံးရာသီ ရာသီဝက်မှာ သူတို့အသင်း အကောင်းဆုံးကြိုးစားရင်း လုပ်ဆောင်နိုင်လိုက်တာလို့ သတ်မှတ်ရနိုင်ပါတယ်။ ဒါပေမယ့် အသင်းတိုင်းကတော့ သူတို့တွေ ဘယ်လောက်တောင် ကံကောင်းနေသလဲဆိုတာကို သိနေကြနေမှာတော့ သေချာတယ်။ တစ်ကြိမ်တည်းတောင် မကဘူးလေ။ တခြားအသင်းတွေက ဒီလိုကံတရားတွေကို မပိုင်ဆိုင်ခဲ့ရတာ။ ကျွန်တော်တို့အသင်းလိုပေါ့” လို့ မှတ်ချက်ပြု ပြောဆိုလာခဲ့ပါတယ်။ မနက်ဖြန်မှာ ယူနိုက်တက်အသင်းနဲ့ အက်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဆင်နွဲရမယ့် ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ ဖရန့်လမ်းပတ်ကလည်း ယူနိုက်တက်က VAR နဲ့ ပတ်သက်ပြီး မျက်နှာသာပေးမှုခံရတဲ့ အသင်းတစ်သင်းဖြစ်သလို တစ်ရာသီလုံးမှာလည်း ပင်နယ်တီ(၁၃)ကြိမ်အထိ ကန်ခွင့်ရထားတဲ့ အသင်းဖြစ်လို့ ယူနိုက်တက်အတွက် အလွယ်တကူ နိုင်ပွဲဖြစ်သွားစေမယ့် ပင်နယ်တီကန်ခွင့်တွေ မပေးရဖို့ သူရဲ့အသင်းသားတွေကို သတိပေးထားကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။