တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ နာမည်ကြီး နည်းပြ တစ်ဦး ဖြစ်သူ ဟိုဆေး မော်ရင်ဟို က ပရီးမီးယားလိဂ် ရဲ့ တစ်လတာ အကောင်းဆုံး နည်းပြဆု နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်သူ ဘရုနို ဖာနန်ဒက် က ပရီးမီးယားလိဂ် ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုတွေ အသီးသီး ရရှိခဲ့ကြပါတယ်။ စပါး အသင်းရဲ့ နည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟို အနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ ဖရန့် လမ်းပတ်၊ ဝက်စ်ဟမ်း အသင်းရဲ့ နည်းပြဖြစ်သူ ဒေးဗစ် မိုရေးစ် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့နည်းပြ ဖြစ်သူ အိုလီ ဂန်းနား ဆိုးလ်ရှားတို့ကို ကျော်ဖြတ်ပြီးတော့ ပရီးမီးယားလိဂ်ရဲ့ နိုဝင်ဘာလ အတွက် တစ်လတာ အကောင်းဆုံး နည်းပြ ဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဟိုဆေး မော်ရင်ဟို နဲ့ စပါး အသင်းရဲ့ နိုဝင်ဘာလ အတွင်း ပြသနိုင် ခဲ့တဲ့ စွမ်းဆောင်ရည် ဟာ အထင်ကြီး‌လောက်စရာ အနေအထား မှာ ရှိနေခဲ့ပြီးတော့ နည်းပြ မော်ရင်ဟို အနေနဲ့ အခုချိန်မှာလည်း စပါးအသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လီဗာပူး အသင်းနဲ့ အမှတ်တူ အနေအထား၊ သွင်းဂိုး အသာနဲ့ ဇယားထိပ်မှာ ဦးဆောင်နေနိုင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ စပါးအသင်းဟာ နိုဝင်ဘာလ အတွင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ပွဲ နိုင် ၁ ပွဲသရေ ဆိုတဲ့ ရလဒ်မျိုး ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား ဖြစ်သူ ဖာနန်ဒက်ဟာ နိုဝင်ဘာလ အတွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ပွဲမှာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

မော်ရင်ဟို အနေနဲ့ သူ့ရဲ့ အင်စတာဂရမ်မှာ သူ့လိုပဲ ၄ ပွဲကစား ၃ ပွဲနိုင် ၁ ပွဲသရေ ရလဒ်မျိုးရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တဲ့ ချယ်လ်ဆီးနည်းပြ လမ်းပတ်၊ ဝက်စ်ဟန်း နည်းပြ မိုရေးစ် နဲ့ မန်ယူနည်းပြ ဆိုးလ်ရှား တို့ကို ကျော်ဖြတ်ပြီး တစ်လတာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့တဲ့ အကြောင်းကို အခုလိုပဲ ပြောဆိုထားပါတယ်။ “ အဲ့ဒါက တစ်လတာ အကောင်းဆုံးနည်းပြ ဆုလို့ ပြောတာပဲဗျ။ ဒါပေမယ့် ကျွန်တော့် အတွက်တော့ အဲ့ဒါက တစ်လတာ အကောင်းဆုံး အသင်းဆု ဒါမှမဟုတ် တစ်လတာ အကောင်းဆုံး ဝန်ထမ်းဆုပါပဲ။ ဘာလို့လဲဆိုရင် အဲ့ဒါက အသင်းရဲ့ ကစားသမားတွေ၊ ကျွန်တော်နဲ့ အတူ ရှိနေကြတဲ့ နည်းပြအဖွဲ့ဝင်တွေ၊ လက်ထောက်နည်းပြတွေ၊ Sport Science က လူတွေ နဲ့ လေ့လာသုံးသပ် သူတွေကြောင့် ရရှိခဲ့တာပါ။ ဒီဟာအတွက်တော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒါက တစ်လတာ အကောင်းဆုံး နည်းပြဆု မဟုတ်ပါဘူး။ အဲ့ဒါက တစ်လတာ အကောင်းဆု အသင်းဆု ဒါမှမဟုတ် တစ်လတာ အကောင်းဆုံး ဝန်ထမ်းဆုပါပဲ ” လို့ ပြောဆိုထားခဲ့ပါတယ်။