မနက်ဖြန်ည Super Sunday ညမှာ စပါးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)အဖြစ်နဲ့ ရင်ဆိုင်ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး ဒီပွဲစဉ်မတိုင်ခင်မှာပဲ စပါးအသင်းရဲ့ နည်းပြ ဟိုဆေးမော်ရင်ဟိုက သူရဲ့အသင်းဟောင်းဖြစ်ခဲ့ဖူးတဲ့ ယူနိုက်တက်အသင်းရဲ့ လက်ရှိနည်းပြ အိုလေဂန်နာဆိုးရှားလ် ပြောဆိုထားခဲ့ဖူးတဲ့ ဆုဖလားတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဆိုးရှားလ်ရဲ့ ဆရာသမားဖြစ်သူ ဆာအဲလက်စ်ဖာဂူဆန်တောင် လက်ခံမှာမဟုတ်ဘူးလို့ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်အသင်းဟာ နည်းပြဟောင်းမော်ရင်ဟို ကိုင်တွယ်ခဲ့စဉ် ၂၀၁၆-၂၀၁၇ ဘောလုံးရာသီက ယူရိုပါလိဂ်ဖလားနဲ့ လိဂ်ဖလားတွေကို ပိုင်ဆိုင်ခဲ့ပြီးနောက်ပိုင်း ဆုဖလားတွေနဲ့ ဝေးကွာနေခဲ့ရတာဟာ လက်ရှိဘောလုံးရာသီထိ ဖြစ်နေရပေမယ့်လည်း လက်ရှိယူနိုက်တက်နည်းပြ ဆိုးရှားလ်ကတော့ ပြိုင်ပွဲတွေမှာ ဆုဖလားတွေရဖို့ ကြိုးပမ်းဆောင်ရွှက်ဆိုတာက နည်းပြတွေရဲ့အတ္တစိတ်တစ်ခုကနေ အများဆုံးထွက်ပေါ်လာခြင်းသာ ဖြစ်တယ်လို့ ချေပပြောဆိုထားခဲ့ပါတယ်။ ဒီစကားကို မော်ရင်ဟိုက လက်မခံသလို ဆိုးရှားလ်ရဲ့ ဆရာသမားတစ်ဦးဖြစ်ခဲ့တဲ့ ဖာဂူဆန်တောင် လက်ခံနိုင်မှာ မဟုတ်ဘူးလို့ မော်ရင်ဟိုက ပြောဆိုထားခဲ့ပါတယ်။

Photo Credit : Man Utd News Now

ဆိုးရှားလ်ရဲ့ ပြောစကားနဲ့ပတ်သက်ပြီး မော်ရင်ဟိုက “ဒါကတော့ သူရဲ့ထင်မြင်ချက်အရ ပြောထားတာဖြစ်မှာပါ။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သူရဲ့တကယ့်ဆရာသမားတစ်ဦးဖြစ်တဲ့ ဆာအဲလက်စ်ဆိုရင်တောင် သူနဲ့မတူကွဲပြားတဲ့ အမြင်တစ်ခုပဲ ရှိနေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဆိုးရှားလ်ရဲ့တွေးခေါ်မှုနဲ့ပတ်သက်ပြီး လေးစားမှုတော့ ရှိပါတယ်။ လွတ်လပ်စွာ တွေးခေါ်ခြင်း လွတ်လပ်စွာ ထင်မြင်ခြင်းတွေက သူဘာပဲလုပ်လုပ် လုပ်လို့ရပါတယ်။ ဒါတွေက ကျွန်တော့်အတွက်လည်း အဆင်ပြေပါတယ်။ ကျွန်တော့်အတွက် စိတ်အနှောင့်အယှက်လည်း မဖြစ်ပါဘူး။ သူကလည်း ဘယ်သူကိုမှ မလေးမစားပြောဆိုတာမျိုးမှ မဟုတ်တာ။ ဒါပေမယ့် ကျွန်တော် ထပ်ပြီးပြောချင်ပါတယ်။ သူရဲ့ဆရာသမားဂုရုကြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတလျှောက် အကြီးကျယ်ဆုံးသော နည်းပြကြီးကတော့ သူပြောဆိုခဲ့တဲ့ စကားအပေါ်မှာ လက်ခံနိုင်မယ် မဟုတ်ဘူးဆိုတာကိုပါပဲ” လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ မော်ရင်ဟိုရဲ့စပါးနဲ့ ဆိုးရှားလ်ရဲ့ယူနိုက်တက်တို့ဟာ ဒီရာသီ ယူနိုက်တက်ရဲ့ အိုးထရက်ဖိုဒ့်မှာ ဆုံတွေ့ခဲ့စဉ်တုန်းကတော့ ဧည့်သည်စပါးက (၁)ဂိုး(၆)ဂိုးနဲ့ကို အပြတ်အသတ် အနိုင်ရထားခဲ့ပါတယ်။