ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ စပါးအသင်းရဲ့ နည်းပြကြီး မော်ရင်ဟို ကတော့ သူ့ရဲ့ အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လူငယ် ဂိုးသမား ဟန်ဒါဆန်ကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြ သွားပါတယ်။ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ ဂိုးသမား တစ်ဦးဖြစ်တဲ့ ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရှက်ဖီးလ် ယူနိုက်တက် အသင်းနဲ့ အကောင်းဆုံး လက်စွမ်းတွေ ပြသခဲ့တဲ့ တက်သစ်စ ဂိုးသမားကောင်း တစ်ဦးဖြစ်ပြီး သူ့ရဲ့ လက်စွမ်းတွေ ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အနာဂတ် ဂိုးသမား အဖြစ် သတ်မှတ် ခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: Express

စပါးအသင်းရဲ့ နည်းပြ ဖြစ်သူ မော်ရင်ဟိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရှိနေစဉ် ကတည်းက ဟန်ဒါဆန်ရဲ့ လက်စွမ်းကို သဘောကျသူ ဖြစ်ပြီး လက်ရှိမှာ စပါးအသင်းရဲ့ ဝါရင့် ဂိုးသမား တစ်ဦးဖြစ်တဲ့ ဟူဂိုလိုရစ်ဟာ စပါးအသင်းကို စွန့်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဟန်ဒါဆန်ကို ခေါ်ယူဖို့ မျက်စိကျနေတာပါ။ အသက် ၃၄နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ဂိုးသမား လိုရစ်ဟာ စပါးအသင်းမှာ ကာလရှည် ရှိနေခဲ့တဲ့ ထိပ်တန်း ဂိုးသမားကောင်း တစ်ဦး ဖြစ်ပေမယ့် အသင်းမှာ ရှိနေစဉ် ကာလအတွင်းမှာ ဆုဖလား တစ်လုံးမှ မရရှိတဲ့ အခြေအနေကြောင့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စပါးအသင်းကနေ ထွက်ခွာကာ ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ချင်နေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Express

ဒါ့ကြောင့်ပဲ စပါးအသင်းဟာ လိုရစ်ရဲ့ နေရာမှာ ရေရှည် အစားဝင်နိုင်မယ့် ဂိုးသမားကောင်း တစ်ဦးကို စတင် ရှာဖွေနေပြီး သူတို့အသင်းရဲ့ ထိပ်တန်း ပစ်မှတ်တွေထဲမှာ ဟန်ဒါဆန်ကို ထည့်သွင်း ထားပါတယ်။ ဟန်ဒါဆန်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပွဲထွက် ကစားခွင့်ရတဲ့ ပွဲစဉ်တချို့မှာ တည်ငြိမ်တဲ့ လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပေမယ့် လက်ရှိ အချိန်မှာ သူဟာ ယူနိုက်တက် အသင်းရဲ့ ပထမ ဦးစားပေး ဂိုးသမား အဖြစ် သတ်မှတ်ခံရခြင်း မရှိသေးပါဘူး။ ဟန်ဒါဆန်ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ ကျင်းပမယ့် ကာတာ ကမ္ဘာ့ဖလားမှာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ အဓိက ဂိုးသမား ဖြစ်ဖို့ ဆန္ဒ ရှိနေတာကြောင့် လာမယ့် ဘောလုံးရာသီမှာသာ ယူနိုက်တက် အသင်းရဲ့ ပထမ ဦးစားပေး ဂိုးသမား နေရာကို မရရင် ပထမ ဦးစားပေးအဖြစ် ကစားရမယ့် အသင်းတစ်သင်းထံ ပြောင်းရွှေ့နိုင်ချေ ရှိတာကြောင့် စပါးအသင်းရဲ့ ကြိုးပမ်းမှုဟာ အရာထင်ဖွယ် ရှိပါတယ်။