အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ရိုးမားအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟို ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အေစီမီလန်အသင်းကို အရေးနိမ့်ခဲ့ရတာဟာ ကွင်းလယ်ဒိုင်ရဲ့ ဘက်လိုက် ဆုံးဖြတ်မှုတွေကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ဆင်ခြေပေးသွားခဲ့ပါတယ်။

အီတလီ စီးရီးအေ ပွဲစဉ်(၂၀) အဖြစ် အေစီမီလန်အသင်းနဲ့ ရိုးမားအသင်းတို့ဟာ ဆန်စီရိုကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အိမ်ရှင် အေစီမီလန်အသင်းက ဧည့်သည် ရိုးမားအသင်းထက် ခြေစွမ်းပိုင်း ပိုမို ကောင်းမွန်ခဲ့ကာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့ပါတယ်။

Photo Credit: Football Italia

အဆိုပါပွဲစဉ်မှာ အေစီမီလန်အသင်း အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၈မိနစ်မှာ ပင်နယ်တီ ကနေ တဆင့် ဂျရူး ၊ ပွဲကစားချိန် ၁၇မိနစ်မှာ မက်စီယာ ၊ ပွဲကစားချိန် ၈၂မိနစ်မှာ လီယာအိုတို့က သွင်းယူပေးခဲ့ကြပြီး ရိုးမားအသင်း အတွက် တလုံးထဲသော ချေပဂိုးကိုတော့ ပွဲကစားချိန် ၄၀မိနစ်မှာ အေဗရာဟမ်က သွင်းယူပေးခဲ့တာပါ။

ကစားပုံပိုင်းမှာ အေစီမီလန်အသင်းက ရိုးမားအသင်းထက် အတော်လေး အသာစီး ရခဲ့သလို ဂိုးသွင်းခွင့် အမြောက်အမြားလည်း ဖန်တီးနိုင်ခဲ့ပေမယ့် ရိုးမားအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟို ကတော့ သူတို့အသင်းရဲ့ ရှုံးပွဲဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် အမှားတွေနဲ့ သက်ဆိုင်ခဲ့ပြီး အေစီမီလန်အသင်းက ရရှိသွားတဲ့ ပထမဦးဆုံး ပင်နယ်တီဟာ မပေးသင့်တဲ့ ပင်နယ်တီ တခု ဖြစ်ကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Football Italia

မော်ရင်ဟိုက – “ဒီနေ့ပွဲမှာ ကျွန်တော်တို့အသင်းရဲ့ ကစားပုံက မကောင်းခဲ့ပါဘူး။ ကျွန်တော်တို့တွေက ဘောလုံးတွေကို ခပ်လွယ်လွယ်ပဲ အဆုံးရှုံးခံခဲ့ကြတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကလည်း သာမန်ထက် နိမ့်ကျခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ဒီပွဲမှာ ပြန်လာနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့တွေ မှားခဲ့ကြပေမယ့် ကွင်းလယ်ဒိုင်နဲ့ VARအဖွဲ့ရဲ့ အမှားတွေကို ထောက်ပြဖို့လည်း လိုအပ်ပါသေးတယ်။ ကျွန်တော်ကတော့ မီလန်အသင်းရဲ့ ပထမပိုင်းမှာ ရရှိသွားတဲ့ ပင်နယ်တီက ရသင့်တဲ့ ပင်နယ်တီ တခု ဖြစ်တယ် ဆိုတဲ့ အချက်နဲ့ ပတ်သတ်ပြီး ရှင်းလင်းတဲ့ ဓာတ်ပုံတွေကို မမြင်တွေ့ရသေးပါဘူး။ အေဗရာဟမ်က ဘောလုံးကို လက်မောင်းနဲ့ ထိခဲ့ပေမယ့် ဘောလုံးက သူ့ကို လာထိတာလား ၊ သူက ဘောလုံးကို သွားထိတာလား ဆိုတာ မသဲကွဲပါဘူး။ အော်ရီလီယာနို (VARဒိုင်) က အိမ်မှာ ရှိနေခဲ့ပေမယ့် သူ့ကို ကြည့်ရတာ ပွဲရဲ့ အဖြေကို ပြောင်းချင်နေပုံပါပဲ။ သူက ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး တာဝန်အရှိဆုံးလူပါ” လို့ ဝေဖန်သွားခဲ့တာပါ။