ဆယ်စုနှစ်တစ်ခုကျော်တဲ့အထိ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လက်တွဲခဲ့ပြီးမှ ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ လမ်းခွဲလိုက်တဲ့ ဝါရင့်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့်စ်ဟာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေပေမယ့် သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေကတော့ များစွာရှိလို့နေတဲ့အပြင် သူနဲ့ ယခင်တုန်းက လက်တွဲခဲ့ဖူးတဲ့ နည်းပြဟိုဆေးမော်ရင်ဟိုကပါ သူရဲ့တပည့်ဟောင်း ရာမို့စ်ကို သူရဲ့အသင်းသစ် ဖြစ်လာတော့မယ့် ရိုးမားအသင်းအတွက် ခေါ်ဆောင်သွားချင်နေတယ်လို့ သိရပါတယ်။

Photo Credit : Calciomercato

အသက်(၃၅)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်ဟောင်း ဝါရင့်နောက်ခံကစားသမားကြီး ရာမို့စ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ၂၀၀၅ခုနှစ်ကနေ ၂၀၂၁ခုနှစ်အထိ (၁၆)နှစ်ကြာ ပါဝင်ကစားခဲ့ပြီးမှ စာချုပ်သက်တမ်း ထပ်မတိုးနိုင်တော့ပဲ အသင်းနဲ့ လက်တွဲဖြုတ်လိုက်ရတာဖြစ်ပါတယ်။ ဒီအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေရတဲ့ အတွေ့အကြုံရှိ နောက်ခံကစားသမားကြီး ရာမို့စ်ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေများစွာ ရှိလို့နေပြီး အသင်းများစွာနဲ့လည်း အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်နေရပါတယ်။

Photo Credit : Goal

ရာမို့စ်ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ နာမည်ကျော်နည်းပြ မော်ရင်ဟိုရဲ့ အသင်းသစ် ရိုးမားအသင်းလည်း ပါဝင်လို့နေပါတယ်။ နည်းပြမော်ရင်ဟို ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ခဲ့စဉ်အတွင်းက ၂၀၁ဝကနေ ၂၀၁၃ခုနှစ်အတွင်းထိ ရာမို့စ်နဲ့ လက်တွဲခဲ့ဖူးတာဖြစ်လို့ သူရဲ့တပည့်ဟောင်းကို ရိုးမားအသင်းဆီ ခေါ်ဆောင်ချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ရာမို့စ်ဟာ လုပ်ခလစာ မြင့်မားတဲ့ ကစားသမားတစ်ယောက် ဖြစ်နေတဲ့အတွက် ဒီအချက်က ရိုးမားအသင်းအတွက် အခက်အခဲတစ်ခု ဖြစ်လာနိုင်သလို ရိုးမားအသင်းလိုပဲ ရာမို့စ်ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ ငွေကြေးအင်အားကြီးတဲ့ အသင်းတွေ ပါဝင်နေတာကြောင့် အပြိုင်ကမ်းလှမ်းဖို့က ခက်ခဲနိုင်ပါတယ်။ လတ်တလောမှာ ရာမို့စ်နဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အသင်းကတော့ ပီအက်စ်ဂျီအသင်းဖြစ်ပြီး အသင်းနဲ့ လမ်းခွဲထားရတဲ့ နောက်ခံကစားသမားကြီး သီယာဂိုဆေးဗားရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ရာမို့စ်ကို အလိုရှိနေတာဖြစ်သလို ရာမို့စ်အတွက်ကိုလည်း မြင့်မားတဲ့ လုပ်ခလစာမျိုးနဲ့ ကမ်းလှမ်းလာဖွယ်လည်း ရှိနေပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်စီးတီးနဲ့ ယူနိုက်တက်တို့ကလည်း ရာမို့စ်ကို ပစ်မှတ်ထားနေကြတာဖြစ်လို့ မော်ရင်ဟိုအနေနဲ့ သူရဲ့ရိုးမားအသင်းဆီ ရာမို့စ်ကို အရခေါ်ယူဖို့က ဖြစ်နိုင်ခြေနည်းလွန်းနေပါတယ်။