စပါး နည်းပြ မော်ရင်ဟိုက ဆွန်အနေနဲ့ လက်မောင်းကျိုး ဒဏ်ရာကြောင့် ခွဲစိတ်ရလိမ့်မယ်လို့ အသင်းရဲ့ ထုတ်ပြန်ချက် ထွက်လာခဲ့ပြီ ဖြစ်တာကြောင့် ဆွန်ကို လက်ရှိရာသီမှာ နောက်ထပ် အားကိုးလို့ ရတော့မှာ မဟုတ်ပါဘူးလို့ ပြောသွားခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ တိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာ ရနေတဲ့ အချိန်မှာ တိုက်စစ်ပိုင်းကို လိုလေသေးမရှိ ကူညီအားဖြည့်ခဲ့ပြီး အခုတော့ သူကပါ လက်မောင်း ဒဏ်ရာရခဲ့တာကြောင့် ကာလရှည် အနားယူနိုင်ချေရှိပါတယ်။

Photo Credit: Goal

ဆွန်ဟောင်မင်ဟာ အက်စတွန်ဗီလာအသင်းကို နှစ်ဂိုး သွင်းပြီး (၃-၂) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် လိုက်ဇစ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ပထမအကျော့ ပွဲစဉ်ကို လွဲချော်သွားနိုင်ချေ ရှိနေပါတယ်။ စပါး နည်းပြ မော်ရင်ဟိုကတော့ သတင်းစာ ရှင်းလင်းပွဲမှာ ဆွန်ရဲ့ ဒဏ်ရာအကြောင်း အမေးခံရတဲ့ အချိန်မှာ သူက လက်ရှိရာသီမှာ ဆွန်ကို နောက်ထပ် အားကိုးလို့ ရတော့မှာ မဟုတ်ပါဘူးလို့ သတင်းထောက်တွေကို ပြန်ဖြေသွားတာ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ မော်ရင်ဟိုက “ကျွန်တော်တို့ သူ့ကို ဆုံးရှုံးသွားရတော့မှာပါ။ အသင်းက ကောင်းမွန်တဲ့ ထုတ်ပြန်ချက်ကို ရေးခဲ့ပါတယ်။ ကျွန်တော်သာ ရေးရမယ် ဆိုရင် တစ်မျိုးနဲ့ ပြောင်းရေးမှာပါ။ ကျွန်တေ်ာတို့ သူ့ကို ဆုံးရှုံးရပါတော့မယ်။ ဒီရာသီမှာ သူ့ကို နောက်ထပ် အားကိုးလို့ ရတော့မှာ မဟုတ်ပါဘူး။ တကယ်လို့ သူ (၂) ပွဲ ဒါမှမဟုတ် (၃) ပွဲ ကစားနိုင်မယ် ဆိုရင်တော့ ဒါဟာ သူ အကောင်းမြင်စိတ်ရှိလို့ပါ။ ဒါပေမဲ့ ကျွန်တော် သူ့ကို အားမကိုးတော့ပါဘူး”လို့ ပြောခဲ့ပါတယ်။