ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကာရာဘောင်း ဖလားပွဲမှာတော့ စပါးအသင်းဟာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ချယ်လ်ဆီးအသင်း ကို အနိုင်ယူ ကျော်ဖြတ်ကာ နောက်တစ်ဆင့်ကို တက်ရောက် သွားနိုင်ခဲ့ပါတယ်။ စပါးအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ချယ်လ်ဆီး အသင်းဟာ ဦးဆောင်ဂိုး ရရှိခဲ့ပေမယ့် စပါး အသင်းရဲ့ နောက်ကျ ချေပဂိုးကြောင့် ပွဲကစားချိန် မိနစ် ၉၀ အတွင်း တစ်ဖက် တစ်ဂိုးစီ သရေ ကျခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ စပါးအသင်းဘက်က ကန်သွင်းတဲ့ ဒိုင်ယာ ၊ လာမယ်လာ ၊ ဟော့ချ်ဘက် ၊ မော်ရာ ၊ ဟယ်ရီကိန်း တို့ အားလုံး ဂိုးဝင်ခဲ့ကြပြီး ချယ်လ်ဆီး အသင်းဘက် ကတော့ မေဆန်မောင့်ဟာ လွဲချော် ခဲ့တာကြောင့် ၅-၄ ဆိုတဲ့ ရလဒ်နဲ့ စပါးအသင်း ဟာ နောက်တစ်ဆင့်ကို တက်ရောက် သွားနိုင်ခဲ့တာပါ။

Photo Credit: Talk Sport

အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးဟာ ခြေရည်တူ ကစားနိုင် ခဲ့တာကြောင့် ပွဲဟာ ကြည့်ကောင်းခဲ့သလို ကွင်းဘေးစည်းမှာ တစ်ချိန်က အချစ်ဆုံး ဆရာတပည့်တွေ ဖြစ်ခဲ့ကြတဲ့ မော်ရင်ဟိုနဲ့ လမ်းပတ်တို့ အချင်းများ ခဲ့တာကလည်း ပွဲရဲ့ ရသကို ပေါ်လွင် စေခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံး ပရိသတ်တွေ အားလုံး ရယ်အားထက် ငိုအားသန် ဆိုသလို ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု ဟာလည်း ပွဲချိန် အတွင်းမှာ ဖြစ်ပျက်ခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ် ကတော့ စပါးအသင်းရဲ့ နောက်ခံလူ ဖြစ်တဲ့ အဲရစ်ဒိုင်ယာဟာ ပွဲကစားချိန် ၇၆ မိနစ်မှာ အန္တရာယ်ကို မလွယ်ထား နိုင်တော့တာကြောင့် ကွင်းလယ်ဒိုင်ကို အသိပေးကာ အပြေးအလွှား အိမ်သာတက်ခဲ့ရတဲ့ ဖြစ်ရပ်ပါပဲ။

Photo Credit: Talk Sport

ပုံမှန်အားဖြင့် ပွဲကစားနေတဲ့ အချိန်အတွင်းမှာ ကစားသမားတွေ ဟာ အိမ်သာတက်ချင်လေ့ မရှိပေမယ့် ကစားသမားတွေ ဟာလည်း လူသားတွေ ဖြစ်တာကြောင့် သဘာဝကို လွန်ဆန်လို့ မရပါဘူး။ ဒါပေမယ့် စပါးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟို ကတော့ ဒိုင်ယာ တစ်ယောက် ကွင်းထဲ ကနေ အပြေးအလွှား ထွက်လာပြီး အိမ်သာ ပြေးတက်တာကို ကျေနပ်ပုံမရပဲ အိမ်သာအထိ လိုက်ပြီး ပွဲကို အာရုံစိုက်ဖို့ ဒိုင်ယာကို ဆူခဲ့တာကို ရုပ်သံပြကွက်တွေ အရ မြင်တွေ့ခဲ့ရပါတယ်။ ဒိုင်ယာ ကတော့ သူ့ရဲ့ အန္တရာယ်ကို ခပ်မြန်မြန် ရှင်းပြီး ကွင်းထဲကို ပြန်လည် ဝင်ရောက် ကစားခဲ့ပါတယ်။ အဆိုပါ ပွဲစဉ် ပြီးဆုံးသွားချိန် မှာတော့ ဒိုင်ယာဟာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး ဒိုင်ယာဟာ အဆိုပါဆုကို သူ သွားခဲ့တဲ့ ဘိုထိုင်အိမ်သာပေါ်မှာ တင်ကာ အမှတ်တရ ဓာတ်ပုံရိုက်ပြီး သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ပြန်လည် ဝေမျှခဲ့ပါသေးတယ်။