လက်ရှိမှာ စီးရီးအေကလပ် ရိုးမားအသင်းကို ကိုင်တွယ်နေတဲ့ နာမည်ကျော် နည်းပြကြီး ဟိုဆေး မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့စဉ်မှာ မိုဟာမက် ဆာလာနဲ့ ဒီဘရိုင်းတို့ကို သူနဲ့ အဆင်မပြေဘူး ဆိုတဲ့ အချက်ကြောင့် ရောင်းထုတ်ခဲ့တာ ဖြစ်ကြောင်း မော်ရင်ဟိုရဲ့ လက်အောက်မှာ အလုပ်လုပ်ဖူးတဲ့ အက်ဒီ နယူတန်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ယခုအချိန်မှာ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေ အဖြစ် သတ်မှတ်ခံထားရတဲ့ လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလာနဲ့ မန်ချက်စတာ စီးတီး ကွင်းလယ်လူ ဒီဘရိုင်းတို့ဟာ တချိန်က ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတွေ ဖြစ်ခဲ့ကြပြီး မော်ရင်ဟို တယောက် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်စဉ်မှာ အသင်းကနေ ရောင်းထုတ်ခြင်းကို ခံခဲ့ရသူတွေပါ။

Photo Credit: Sports Keeda

ဆာလာနဲ့ ဒီဘရိုင်းတို့ဟာ ချယ်လ်ဆီးအသင်း ကနေ ထွက်ခွာခဲ့ရပြီးနောက် သူတို့ဟာ ကမ္ဘာ့အဆင့် ကစားသမားတွေ ဆိုတာကို ရိုးမားအသင်း ၊ ဝုဖ်ဘက်အသင်းတို့မှာ သက်သေပြနိုင်ခဲ့ကြသလို လီဗာပူး ၊ မန်ချက်စတာ စီးတီးတို့ဆီ ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက်လည်း သူတို့ရဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက် ထုတ်ပြနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ တာဝန်ရှိသူတွေကို နောင်တရစေခဲ့ပါတယ်။

ဒီဘရိုင်းနဲ့ ဆာလာတို့လို ထိပ်တန်းအဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေကို ဈေးပေါပေါနဲ့ ရောင်းထုတ်ခဲ့တဲ့ အတွက် ချယ်လ်ဆီးအသင်း ပရိသတ်တွေဟာ အသင်းရဲ့ ဘုတ်အဖွဲ့ကို လက်ရှိအချိန် အထိ မေးခွန်းထုတ်နေဆဲ ဖြစ်ပြီး မော်ရင်ဟိုရဲ့ နည်းပြအဖွဲ့ဝင် အဖြစ် ချယ်လ်ဆီးအသင်းမှာ လုပ်ကိုင်ဖူးတဲ့ နယူတန် ကတော့ ဒီဘရိုင်းနဲ့ ဆာလာတို့ကို ရောင်းထုတ်ခဲ့တာဟာ မော်ရင်ဟိုရဲ့ ဆုံးဖြတ်ချက် တခုထဲသာ ဖြစ်ကြောင်း ဖွင့်ဟ ပြောပြလာခဲ့ပါတယ်။

Photo Credit: Sports Keeda

နယူတန်က – “ ဆာလာနဲ့ ဒီဘရိုင်းတို့ ရောင်းထုတ်ခံခဲ့ရတာက သူတို့ရဲ့ အရည်အချင်းကြောင့် မဟုတ်ဘူးလို့ ထင်ပါတယ်။ သူတို့က မော်ရင်ဟိုနဲ့ အဆင်မပြေခဲ့လို့ ရောင်းထုတ်ခံခဲ့ရတာပါ။ သူတို့တွေ ချယ်လ်ဆီးအသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေက ပွဲထွက်ခွင့် ပေးဖို့ လုံလောက်တာထက်တောင် ပိုခဲ့ပါသေးတယ်။ ဒါပေမယ့် မော်ရင်ဟို ကတော့ သူတို့ကို မျက်လုံးထဲတောင် မထည့်ခဲ့ပါဘူး” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။