အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ရိုးမားရဲ့ နည်းပြဖြစ်သူ ဟိုဆေး မော်ရင်ဟိုကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အီတလီ စီးရီးအေ ပွဲစဉ်(၃၆)မှာ ဖီအိုရင်တီးနားကို အဝေးကွင်းမှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာက VARဒိုင်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ငြီးတွားသွားခဲ့ပါတယ်။

ယူရိုပါလိဂ်ဝင်ခွင့် အတွက် ရုန်းကန်နေတဲ့ ရိုးမားက ဖီအိုရင်တီးနားကို အနိုင်ရခဲ့ရင် အမှတ်ပေးဇယားရဲ့ အဆင့်၅နေရာမှာ ရှိနေတဲ့ လာဇီယိုကို အမှီလိုက်နိုင်ဖို့ ရှိခဲ့ပေမယ့် အဝေးကွင်းမှာ ဖီအိုရင်တီးနားကို နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ယူရိုပါလိဂ်ဝင်ခွင့် ရဖို့ ယူရိုပါ ကွန်းဖရန့်လိဂ်မှာ ဗိုလ်စွဲနိုင်အောင် ကြိုးစား ကစားရဖို့ ရှိနေပါတယ်။

Photo Credit: Tuttosports

ဖီအိုရင်တီးနားကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရတဲ့ ပွဲစဉ်က ရိုးမားအတွက် အထိနာခဲ့ရတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပေမယ့် ဖီအိုရင်တီးနား အတွက် အဖိုးတန် နိုင်ပွဲ ဖြစ်ခဲ့ပြီး အဆိုပါနိုင်ပွဲကြောင့်ပဲ ဖီအိုရင်တီးနားက ပွဲစဉ်(၃၅) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်၇နေရာ အထိ ရောက်လာသလို လက်ကျန်ပွဲတွေမှာသာ အမှားအယွင်း ကင်းခဲ့ရင် ယူရိုပါလိဂ်ဝင်ခွင့် တနေရာစာကို မျှော်မှန်းခွင့်တောင် ရလာခဲ့ပါတယ်။

ဒါပေမယ့် ရိုးမားရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုကတော့ ဖီအိုရင်တီးနားကို ရှုံးနိမ့်ခဲ့ရတဲ့ အပေါ် ကျေနပ်မှု မရှိပဲ ဖီအိုရင်တီးနားရဲ့ ပထမ ဦးဆောင်ဂိုး ဖြစ်တဲ့ ဂွန်ဇာလက်ဇ်ရဲ့ ပင်နယ်တီ သွင်းဂိုးမှာ VARဒိုင်က မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Tuttosports

မော်ရင်ဟိုက – “ဒီနေ့ရှုံးပွဲနဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာ ဖြေရှင်းချက် နှစ်ခု ရှိပါတယ်။ ပထမကတော့ ဖီအိုရင်တီးနားက ကျွန်တော်တို့နဲ့ ရင်ဆိုင် ကစားဖို့ တပတ်လုံး အင်ပြည့်အားပြည့် ပြင်ဆင်ခွင့် ရခဲ့တာပါ။ ဒုတိယကတော့ လီဗော်နိုမြို့ကနေ လာတဲ့ VARဒိုင် ဘန်တီပါပဲ။ ကျွန်တော်က ဘန်တီဆီ ကနေ ပင်နယ်တီနဲ့ ပတ်သတ်ပြီး ခိုင်မာတဲ့ ဖြေရှင်းချက် တခု ကြားချင်ပါတယ်။ ကျွန်တော်ရဲ့ ကစားသမားနဲ့ တဖက် ကစားသမားတို့ ကြားထဲမှာ ထိတွေ့မှု ရှိခဲ့ပေမယ့် ဒါက ပင်နယ်တီ ပြစ်ဒဏ်ဘော ပေးစရာ မလိုတဲ့ ဖြစ်ရပ်တခုပါ။ ကွင်းလယ်ဒိုင်ကလည်း ဒီဖြစ်ရပ်ကို ပင်နယ်တီလို့ မယူဆခဲ့ပါဘူး။ ဒါပေမယ့် ဘန်တီကတော့ ဘောလုံးနဲ့ ၁၀မီတာလောက်ပဲ ဝေးတဲ့ နေရာမှာ ရှိနေတဲ့ ကွင်းလယ်ဒိုင်ကို ဒီဖြစ်ရပ်က ပင်နယ်တီလို့ အတင်းအကြပ် ပြောခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က သူ့ဆီကနေ ပင်နယ်တီနဲ့ ပတ်သတ်ပြီး ဖြေရှင်းချက် တောင်းချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။