MySport Myanmar

အသင်းဟောင်း စပါးဆီ ပြန်လာနိုင်တယ်လို့ သတင်းထွက်နေတဲ့ မော်ရင်ဟို

စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုဟာ တော်တင်ဟမ် ဟော့စပါးအသင်းကို အံ့အားသင့်ဖွယ် ပြန်လည်ရောက်ရှိလာနိုင်ပြီး စပါးအသင်းဟာလည်း လက်ရှိအသင်းနည်းပြဖြစ်သူ အန်ဂီ ပိုစတီကိုဂလူးကို နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရှိရပါတယ်။

မော်ရင်ဟိုဟာ ၂၀၁၉ခုနှစ် ၂၀၂၁ ခုနှစ်အတွင်း စပါးအသင်းရဲ့ နည်းပြအဖြစ် ကိုင်တွယ်ခဲ့ပြီး လက်ရှိမှာတော့ ဖီနာဘာချီအသင်းကို တာဝန်ယူ ကိုင်တွယ်နေပါတယ်။ အီတလီ အခြေစိုက် သတင်းမီဒီယာ Tutto Calcio Estero ရဲ့ အဆိုအရ မော်ရင်ဟိုဟာ တူရကီမှာ မပျော်ရွှင်တော့တာကြောင့် မြောက်လန်ဒန်ဆီ ပြန်လာဖို့ အလားအလာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

Photo Credit : Sky Sports

မော်ရင်ဟိုက စပါးနည်းပြအဖြစ် တာဝန်ယူခဲ့စဉ်က စပါးအသင်းအတွက် အောင်မြင်မှုတွေ မရယူနိုင်ခဲ့တဲ့အပြင် အသင်းကို တစ်ရာသီအပြင်တောင် မကိုင်တွယ်လိုက်ရဘဲ ၂၀၂၀-၂၁ ရာသီရဲ့ ရာသီအဆုံးသတ်ခါနီးမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ မော်ရင်ဟိုဟာ စပါးနဲ့ မန်စီးတီးတို့ရဲ့ လိဂ်ဖလား ဗိုလ်လုပွဲ မတိုင်ခင် တစ်ပတ်အလိုမှာ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

စပါးကလည်း မော်ရင်ဟိုကို ထုတ်ပယ်ခဲ့ပြီးနောက် နူနို ဆန်းတို၊ အန်တိုနီယို ကွန်တီတို့နဲ့ ဆက်လက် လက်တွဲခဲ့ပေမယ့် အောင်မြင်မှုတွေ မရခဲ့လို့ နောက်ဆုံးမှာ ဆဲလ်တစ်နည်းပြဟောင်း ပိုစတီကိုဂလူးကို ခန့်အပ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ပိုစတီကိုဂလူးရဲ့ အနာဂတ်ဟာလည်း အခြေအနေမဟန်တော့ဘဲ ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

စပါးအသင်းက ဒီရာသီထဲ ပရီးမီးယားလိဂ်မှာ (၃၂)အထိ ကစားထားပြီး ရှုံးပွဲ (၁၇)ပွဲအထိတောင် ရှိနေရပြီး အဆင့်ရပ်တည်ချက်မှာလည်း အဆင့်(၁၅)အထိ ရပ်တည်နေရပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်မှာလည်း ကွာတားဖိုင်နယ်ထိ ရောက်နေပေမယ့် ကွာတား ဒုကျော့မှာ ဖရန့်ဖတ်ကို အနိုင်ယူ ကျော်ဖြတ်ပြီး နောက်တစ်ဆင့်တက်ဖို့က ခက်ခဲနေရပါတယ်။

တကယ်လို့ အဲ့ဒီပွဲမှာသာ စပါးအသင်းက ရလဒ်ဆိုးပြီး ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရမယ်ဆိုရင် စပါးဘက်က သူတို့နည်းပြရဲ့ အနာဂတ်ကို ချက်ချင်းဆိုသလို ဆုံးဖြတ်ပေးသွားနိုင်ပါတယ်။ ပိုစတီကိုဂလူးကိုသာ ရာထူးကနေ ထုတ်ပယ်လိုက်မယ်ဆိုရင် လက်ကျန်ရာသီကို ယာယီနည်းပြနဲ့ ဖြတ်သန်းသွားဖို့ ရှိနေပြီး ရာသီအကုန်မှသာ အမြဲတမ်း နည်းပြသစ်တစ်ဦးကို ခန့်အပ်သွားနိုင်ပါတယ်။

Exit mobile version