ရိုးမားအသင်းရဲ့ စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက သူ့အနေနဲ့ တစ်နေ့နေ့မှာ ဆော်ဒီပရိုလိဂ် အမှတ်ပေးပြိုင်ပွဲဝင် ကလပ်အသင်း တစ်သင်းသင်းဆီကို ပြောင်းရွှေ့ ကိုင်တွယ်ဖြစ်လိမ့်မယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

မကြာခင်မှာပဲ အသက် (၆၁)နှစ် ပြည့်မြောက်သွားတော့မယ့် ပေါ်တူဂီလူမျိုး နာမည်ကျော် ဘောလုံးနည်းပြကြီး မော်ရင်ဟိုဟာ လွန်ခဲ့တဲ့ ၂၀၂၁ခုနှစ်ကနေ စတင်ပြီး ရိုးမားအသင်းကို စတင် ကိုင်တွယ်ခဲ့ရာ အခုဆို တတိယမြောက် ဘောလုံးရာသီကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Photo Credit : Fabrizio Romano

ပေါ်တို ချယ်လ်ဆီး အင်တာမီလန် ရီးယဲလ်မက်ဒရစ် မန်ယူနိုက်တက် စပါးတို့မှာ နည်းပြအဖြစ် ဖြတ်သန်းဖြစ်ခဲ့ရင်း ဆုဖလားတွေ များစွာ သိမ်းပိုက်ရယူခဲ့တဲ့ ကမ္ဘာကျော် နည်းပြကြီး မော်ရင်ဟိုဟာ ယခင်ကတည်းက ခုလို တတိယမြောက် ရာသီရောက်တိုင်း ရုန်းကန်မှုတွေနဲ့ ရင်ဆိုင်နေရတက်ပါတယ်။

အခုလည်း မော်ရင်ဟိုက သူရဲ့ ရိုးမားနည်းပြဘဝ တတိယရာသီမှာ ရလဒ်ပိုင်းတွေ အနည်းငယ် ဆိုးရွှားနေရသလို သူ့အနာဂတ်နဲ့ ပတ်သက်တဲ့ ကောလဟာလတွေလည်း ဆက်တိုက် ထွက်ပေါ်နေလျက် ရှိနေရပါတယ်။

Photo Credit : Fabrizio Romano

လတ်တလောမှာ မော်ရင်ဟိုဟာ ဆော်ဒီကလပ်တွေနဲ့ သတင်းထွက်နေသလို အသင်းဟောင်း ရီးယဲလ်နဲ့ ကောလဟာလတွေ ထွက်ပေါ်လျက် ရှိနေချိန် မော်ရင်ဟိုက “တစ်နေ့မှာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲဆီ ကျွန်တော် ရောက်ရှိသွားလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်။ အဲ့ဒီမှာ နည်းပြဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒါက မနက်ဖြန်လည်း မဖြစ်နိုင်သလို သဘက်ခါလည်း မဖြစ်နိုင်ပါဘူး။”

“ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြန်သွားပြီး အန်ဆယ်လော့တီနေရာ အစားထိုးဖို့ကလား? ဥက္ကဌ ပီရက်ဇ်က အလွန် ထက်မြက်တဲ့သူပါ။ သူ့မှာလည်း အရမ်းကောင်းလှပါတဲ့ နည်းပြတစ်ဦး ရှိနေတာကို နောက်တစ်ယောက်နဲ့ အစားထိုးဖို့ ဘာကြောင့် စဉ်းစားရမှာလဲ။” ပြောကြားထားခဲ့ပါတယ်။