ယနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေထဲက ပွဲတစ်ပွဲ ဖြစ်တဲ့ လစ်ဇက်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ပွဲမှာတော့ အိမ်ရှင် လစ်ဇက်အသင်းဟာ စပါးအသင်းကို ဂျာမန်မြေမှာ သုံးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တဲ့ စပါးအသင်းကတော့ ယခုနှစ်ရာသီမှာ ၁၆သင်းအဆင့် မှာပဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ လစ်ဇက် အသင်းဟာ စပါးအသင်းကို ပထမအကျော့ အဝေးကွင်းမှာ တစ်ဂိုး ဂိုးမရှိ ၊ ဒုတိယအကျော့ အိမ်ကွင်းမှာ သုံးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ကာ နှစ်ကျော့ပေါင်းရလဒ် လေးဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိသွားခဲ့တာပါ။

Photo Credit: Express.com

လစ်ဇက်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ စပါးအသင်းကတော့ နောက်ဆုံးခြောက်ပွဲဆက် နိုင်ပွဲကင်းမဲ့ခဲ့ရသလို လက်ရှိရာသီကို ဖလားလက်မဲ့ရာသီ တစ်ခုအဖြစ် ဖြတ်သန်းရတော့မှာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဖလားရရှိပြီးနောက် ၁၂နှစ်ကြာ ဖလားလက်မဲ့ခဲ့တဲ့ မှတ်တမ်းတစ်ခုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် လစ်ဇက်အသင်းကို နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့အပြီးမှာ စပါးအသင်းရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ မော်ရင်ဟိုဟာ ၂၀၁၄ခုနှစ်ကနေစတင်ပြီး လက်ရှိ ၂၀၂၀ ခုနှစ်အထိ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာ ၆နှစ်ကြာအောင် နိုင်ပွဲမရရှိခဲ့တဲ့ မှတ်တမ်းဆိုး တစ်ခုကို ရရှိခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit: Express.com

မော်ရင်ဟိုဟာ ၂၀၁၃-၂၀၁၄ ရာသီမှာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်စဉ်ကတည်းက ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေမှာ နိုင်ပွဲတွေ ပျောက်ဆုံးနေခဲ့ရတာဖြစ်ပြီး နောက်ဆုံး၄ကြိမ် ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကို ရောက်ရှိခဲ့ရာမှာလည်း လေးကြိမ်စလုံး ပြိုင်ပွဲကနေ လှည့်ပြန် ခဲ့ရတဲ့ မှတ်တမ်းဆိုးကို ရရှိခဲ့ပါတယ်။ ၂၀၁၃-၂၀၁၄ ရာသီမှာ မော်ရင်ဟိုရဲ့ ချယ်လ်ဆီး အသင်းဟာ ဘီလ်ဘာအိုအသင်းကို ၀-၀ ၊ ၁-၃ ဆိုတဲ့ရလဒ်နဲ့ အရေးနိမ့်ခဲ့သလို ၊၂၀၁၄-၂၀၁၅ ရာသီမှာတော့ ပီအက်စ်ဂျီအသင်းကို ၁-၁ ၊ ၂-၂ ဆိုတဲ့ရလဒ် ၊ ၂၀၁၇-၂၀၁၈ ရာသီမှာတော့ မန်ယူအသင်းကို ကိုင်တွယ်စဉ်မှာ ဆီဗီးလားအသင်းကို ၀-၀ ၊ ၁-၂ ဆိုတဲ့ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး ယခုရာသီမှာတော့ ၀-၁ ၊ ၃-၀ ဆိုတဲ့ရလဒ်နဲ့ အရေးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။