ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ စပါးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ အဲဗာတန်အသင်းအား ရှုံးနိမ့်ခဲ့ရတာဟာ သူတို့အသင်းအနေနဲ့ ရာသီကြို ပြင်ဆင်မှု ကောင်းကောင်း မလုပ်ခဲ့ရတာကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ငြီးတွားသွားခဲ့ပါတယ်။ သူတို့အသင်းရဲ့ ယခုနှစ် ဘောလုံးရာသီ ပထမဦးဆုံး ပွဲမှာ စပါးအသင်းဟာ အဲဗာတန်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရတာ ဖြစ်ပြီး ကစားကွက်ပိုင်းအရ အဲဗာတန်အသင်းကို အသာစီး မယူနိုင်ခဲ့သလို အဲဗာတန် တိုက်စစ်မှူး လီဝင်ရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ကာ မဖွင့်မလှ ဖြစ်ခဲ့ရပါတယ်။

Photo Credit: Standard

အိမ်ကွင်းမှာ ကစားရသလို ရာသီသစ်ရဲ့ အဖွင့်ပွဲစဉ် ဖြစ်တာကြောင့် အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ စပါးအသင်းဟာ ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ကစားသမားသစ်တွေ ဖြစ်တဲ့ ဒိုဟာတီနဲ့ ဟော့ချ်ဘက်တို့ကိုလည်း အသုံးပြုလာခဲ့ပါတယ်။ ဒါပေမယ့် စပါးအသင်းဟာ ရိုဒရီဂွက်စ် ၊ ရစ်ချာလီဆင် ၊ လီဝင်တို့ ဦးဆောင်လာတဲ့ အဲဗာတန်အသင်းကို ယှဉ်ကစားနိုင်ခြင်း မရှိခဲ့ပဲ ကစားကွက်ပိုင်းမှာ လိုအပ်ချက်တွေ များပြားနေသလို ဟယ်ရီကိန်း ၊ အလီ ၊ ဆွန်ဟောင်မင် ၊ လူးကပ်မော်ရာတို့ဟာလည်း ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ အဲဗာတန်အသင်း အတွက် တစ်လုံးတည်းသော သွင်းဂိုးကိုတော့ ပွဲကစားချိန် ၅၅မိနစ်မှာ တိုက်စစ်မှူး လီဝင်က ဘယ်နောက်ခံလူ ဒစ်ဂ်နေးရဲ့ ပြစ်ဒဏ်ဘော ကန်တင်ပေးပို့မှုကနေ တဆင့် အပြင်းခေါင်းတိုက်ကာ သွင်းယူပေးခဲ့တာပါ။

Photo Credit: Standard

အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ စပါးအသင်း ရှုံးနိမ့်ခဲ့ရတာဟာ ကြံ့ခိုင်မှု မပြည့်ဝတာနဲ့ ရာသီကြို ပြင်ဆင်မှု အားနည်းတာကြောင့် ဖြစ်တယ် လို့ ပွဲအပြီးမှာ မော်ရင်ဟိုက ငြီးတွားသွားခဲ့ပါတယ်။ မော်ရင်ဟိုက ” ကျွန်တော်တို့ဟာ ဖိအားပေးမှု အပိုင်းမှာ အတော်လေးကို ပျင်းရိနေခဲ့ပါတယ်။ ဒါတွေဟာ ကြံ့ခိုင်မှု အားနည်းတာနဲ့ ဆိုးရွားတဲ့ ရာသီကြို ပြင်ဆင်မှုရဲ့ အကျိုးဆက်ပါပဲ။ တချို့ ကစားသမားတွေက ရာသီကြို ပြင်ဆင်မှုတောင် မလုပ်ခဲ့ကြရပါဘူး။ တချို့ ကစားသမားတွေ ကတော့ စိတ်ပိုင်းဆိုင်ရာမှာ အားနည်းချက်တွေ ရှိနေပါတယ်။ ကျွန်တော်ဟာ ဒီနေ့မှာတော့ ကျွန်တော့်ရဲ့အသင်းကို သဘောမကျပါဘူး ” လို့ ငြီးတွားသွားခဲ့တာလည်း ဖြစ်ပါတယ်။ စပါးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဒုတိယမြောက် ပွဲစဉ်အဖြစ် ယခုတစ်ပတ် တနင်္ဂနွေနေ့မှာ ဆောက်သမ်တန်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။