မနေ့ညက ကာရာဘောင်း ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် စတုတ်စီးတီး အသင်း နဲ့ တော့တင်ဟန် ဟော့စပါး အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြပြီးတော့ တော့တင်ဟန် ဟော့စပါး အသင်းက အဝေးကွင်းမှာပဲ ၁ ဂိုး- ၃ ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ နောက်တစ်ဆင့် ဆီမီးဖိုင်နယ် ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်မှာ စပါး အသင်း အတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ညာတောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂါရတ် ဘေးလ် ကတော့ နောက်ထပ် ဒဏ်ရာ ပြဿနာ တစ်ခု ရရှိခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါ ဒဏ်ရာပြဿနာကြောင့် ဝေးလ်နိုင်ငံအသင်းခေါင်းဆောင်ဟာ ဒုတိယပိုင်းမှာ ဆက်မကစားနိုင်တော့ပဲ တောင်ကိုးရီးယား တိုက်စစ်ကစားသမား ဆွန်ဟောင်မင် နဲ့ လူစား လဲခဲ့ရပါတယ်။

Photo Credit: Goal

စတုတ်စီးတီး အသင်း နဲ့ စပါး အသင်းတို့ ရဲ့ ပွဲစဉ်မှာ ညာတောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဂါရတ်ဘေးလ် ဟာ ပထမပိုင်း ပွဲကစားချိန် ၂၂ မိနစ်လောက်မှာ ကွင်းလယ်ကစားသမား ဟယ်ရီ ဝင့် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ခေါင်းနဲ့ တိုက်ပြီး စပါး အသင်း အတွက် အဖွင့်ဂိုး စတင် သွင်းပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲပစားချိန် ၅၃ မိနစ် အရောက်မှာတော့ စတုတ်စီးတီး အသင်းရဲ့ ကွင်းလယ်လူ သွန်ပ်စန် က စတုတ်စီးတီး အသင်း အတွက် ချေပဂိုး ပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲကစားချိန် မိနစ် ၇၀ အရောက်မှာ စပါး အသင်း ဘယ်နောက်ခံလူ ဘန်ဒေးဗီးစ် က ဦးဆောင်ဂိုး ပြန်လည် သွင်းယူခဲ့ကာ ပွဲကစားချိန် ၈၁ မှာတော့ ဟယ်ရီကိန်း က အနိုင်သေချာစေမယ့် သွင်းဂိုး ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

စပါး အသင်းရဲ့ နည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟိုက ဂါရတ်ဘေးလ် ဟာ ပထမပိုင်း ပွဲကစားချိန်အတွင်း ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီးတော့ ပထမပိုင်းပြီးဆုံးချိန်မှာ သူ့ကို လူစားလဲပေးဖို့ ပြောခဲ့ကြောင်းနဲ့ ဂါရတ်ဘေးလ် မပါဝင်တော့တဲ့ အတွက် ဒုတိယပိုင်းမှာ မျက်ခုံးလှုပ်ခဲ့ရကြောင်း ပွဲအပြီးမှာ သတင်းမီဒီယာတွေကို ပြောဆိုသွားခဲ့ပါတယ်။ “ ဟုတ်ပါတယ်။ လူစားလဲတာက သူ့ရဲ့ ဆုံးဖြတ်ချက်ပါ။ သူ ပထမပိုင်း ပွဲကစားချိန်အတွင်း တစ်ခုခု ခံစားမိခဲ့ပုံပေါ်ပြီးတော့ သူ ဒုတိယပိုင်းမှာ မကစားချင်တော့ပါဘူး။ ပထမပိုင်းအပြီး ကျွန်တော်တို့ အဝတ်လဲခန်းဆီ သွားရင်းကနေ သူက ကျွန်တော့်ကို သူဒုတိယပိုင်းမှာ မကစားနိုင်တော့ဘူး ဆိုတဲ့ အကြောင်း ချက်ချင်း ပြောခဲ့တယ်။ ကျွန်တော် ထင်တာတော့ သူ့ရဲ့ ခြေသလုံးကြွက်သား ဒဏ်ရာ ထင်တယ်။ ကျွန်တော် သေချာ တပ်အပ်တော့ မပြောနိုင်ပါဘူး ” လို့ ပြောကြားခဲ့ပါတယ်။ စပါး အသင်းဟာ ကာရာဘောင်း ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် လာမယ့် ဇန်နဝါရီလ ၆ ရက်နေ့မှာ ဘရန့်ဖို့ဒ် အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။