တစ်ချိန်က စပါယ်ရှယ်ဝမ်းအဖြစ် ကြွေးကြော်ခဲ့ဖူးတဲ့ လက်ရှိ စပါးအသင်းရဲ့ နည်းပြ ဖြစ်သူ မော်ရင်ဟိုကတော့ ယမန်နေ့မှာ ကစားခဲ့တဲ့ စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ မြောက်လန်ဒန်ဒါဘီမှာ စပါးအသင်းကို အနိုင် ရရှိအောင် ဦးဆောင်နိုင်ခဲ့ အပြီးမှာတော့ သူ့ရဲ့ နည်းပြဘဝမှာ အာဆင်နယ်အသင်းကို လက်ခံ ကစားရတိုင်း ရှုံးပွဲမရှိခဲ့တဲ့ စံချိန်မှတ်တမ်း တစ်ခုကို ရရှိသွားခဲ့တယ်လို့ သိရပါတယ်။ စပါးအသင်းရဲ့ ကွင်းသစ်မှာ ကစားခဲ့တဲ့ အဆိုပါ မြောက်လန်ဒန်ဒါဘီပွဲဟာ ကွင်းသစ်ကြီးထဲမှာ ကစားခဲ့တဲ့ ပထမဦးဆုံး မြောက်လန်ဒန်ဒါဘီပွဲ ဖြစ်ခဲ့သလို အိမ်ရှင် စပါးအတွက်လည်း ကိုယ့်ရဲ့ ကွင်းသစ်ထဲမှာ ခါးသီးပြိုင်ဘက် အာဆင်နယ် အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အတော်လေးကို ချိုမြိန်တဲ့ နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

Photo Credit: Daily Express

စပါးအသင်းရဲ့ ကွင်းသစ်မှာ ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်ဟာ နှစ်သင်းစလုံးရဲ့ ဥရောပဝင်ခွင့် အတွက် အလွန်အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်တာကြောင့် နှစ်သင်းစလုံးဟာ အဆိုပါပွဲမှာ မရှုံးနိမ့်ရေး မူဝါဒကို လက်ကိုင်ထားကာ အမှားတွေကို ချောင်းကစားခဲ့ကြပါတယ်။ အဆိုပါပွဲရဲ့ အဖွင့်ဂိုးကို ဦးစွာ ရရှိခဲ့တဲ့ အသင်းကတော့ အာဆင်နယ် အသင်း ဖြစ်ခဲ့ပြီး အာဆင်နယ် အသင်းဟာ တိုက်စစ်မှူး လာကာဇက်ရဲ့ လှပတဲ့ အဝေးကန်ချက်နဲ့အတူ ပွဲကစားချိန် ၁၆မိနစ်မှာ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဧည့်သည်တို့ရဲ့ ဦးဆောင်မှုဟာ ကြာရှည် မခံခဲ့ပဲ ပွဲချိန် ၁၉မိနစ်မှာ ကိုလာစီနက်ရဲ့ အမှားကနေ တဆင့် ဆွန်ဟောင်မင်က စပါးအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ချေိပဂိုး ပေးခဲ့ရအပြီးမှာတော့ အာဆင်နယ်အသင်းရဲ့ ကစားပုံဟာ ပိုမို ဆိုးရွားလာခဲ့ပြီး ပွဲချိန် ၈၁မိနစ်မှာ တော့ စပါးအသင်းကို အနိုင်ဂိုး ခွင့်ပြုပေးခဲ့ ရပါတယ်။ စပါးအသင်းအတွက် အနိုင်ဂိုးကိုတော့ နောက်ခံလူ အယ်ဒါဝီရယ်က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Express

အဆိုပါ နိုင်ပွဲကြောင့် စပါးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်၈ နေရာကို တက်လှမ်းနိုင်ခဲ့သလို မော်ရင်ဟိုဟာလည်း သူ့ရဲ့ နည်းပြဘဝမှာ အာဆင်နယ် အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရတဲ့ ပွဲတိုင်းမှာ မရှုံးနိမ့်ဖူးဘူးဆိုတဲ့ မှတ်တမ်းကောင်း ကို ဆက်လက် ထိန်းသိမ်းခဲ့ပါတယ်။ မော်ရင်ဟို ဟာ ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်တဲ့ စပါး ၊ မန်ယူ ၊ ချယ်လ်ဆီး စတဲ့ အသင်းတွေကို ကိုင်ခဲ့ဖူးသူ ဖြစ်ကာ သူ့ရဲ့ နည်းပြဘဝမှာ အာဆင်နယ် အသင်းကို အိမ်ကွင်းမှာ ၁၀ကြိမ်တိတိ ဧည့်ခံ ကစားခဲ့ဖူးပြီး ၆ကြိမ် အနိုင်ရကာ ၄ကြိမ် သရေ ကျထားခဲ့ပါတယ်။ ဒါ့ကြောင့် အာဆင်နယ် အသင်းဟာ မော်ရင်ဟိုကို အဝေးကွင်းမှာ အနိုင် ရဖို့ ခက်နေတာကို သိခဲ့ရပြီး လာမယ့် ဘောလုံးရာသီမှာရော အာဆင်နယ်အသင်းဟာ မော်ရင်ဟိုနဲ့ အဝေးကွင်းမှာ တွေ့တိုင်း ရလဒ်မကောင်းတဲ့ အစဉ်အလာကို ဖျက်ဆီး နိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။