အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ရိုးမားအသင်းရဲ့ နည်းပြဖြစ်သူ ဂျိုဆေး မော်ရင်ဟို ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အီတလီ စီးရီးအေ ပွဲစဉ်(၂၁)မှာ ဂျူဗင်တပ်အသင်းကို ၂ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ ၃ဂိုး ပြန်ပေးရကာ အရေးနိမ့်သွားခဲ့လို့ အသင်းသားတွေကို ဆူပူကြိမ်းမောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ပစ်မှတ်ထား ကြိုးစားနေတဲ့ ရိုးမားအသင်းဟာ စီးရီးအေ ပွဲစဉ်(၂၁) အဖြစ် ဂျူဗင်တပ်အသင်းကို အိမ်ကွင်း အိုလံပီကိုမှာ ဧည့်ခံ ကစားခဲ့ရာ ပွဲကစားချိန် မိနစ် ၇၀ အထိ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Standard

 

အဆိုပါပွဲစဉ်မှာ ရိုးမားအသင်းဟာ ပွဲစကတည်းက ဂျူဗင်တပ်အသင်းဘက်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲကစားချိန် ၁၁မိနစ်မှာပဲ တိုက်စစ်မှူး အေဗရာဟမ်က အဖွင့်ဂိုး သွင်းယူပေးခဲ့ကာ ပွဲကစားချိန် ၁၈မိနစ်မှာ ဒိုင်ဘာလာရဲ့ ချေပဂိုးကို ပြန်လည် ခွင့်ပေးခဲ့ရပေမယ့် ပွဲကစားချိန် ၄၈မိနစ်နဲ့ ၅၃မိနစ်တို့မှာ အမ်ခီတာရန်းနဲ့ ပယ်လီဂရီတို့က ၂ဂိုးဆက် ပြန်လည် သွင်းယူပေးနိုင်ခဲ့တာကြောင့် ပွဲကစားချိန် မိနစ် ၅၀ကျော်မှာတင် ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။

၃-၁ ဆိုတဲ့ ရလဒ် ဖြစ်သွားခဲ့ပြီးနောက် ရိုးမားအသင်းကသာ ပွဲကို အနိုင်ရသွားတော့မယ်လို့ အားလုံးက ထင်မှတ်ခဲ့ကြပေမယ့် ပွဲကစားချိန် မိနစ် ၇၀ ဝန်းကျင်မှ စတင်ကာ ရိုးမား ကစားသမားတွေရဲ့ ပွဲအတွင်း အာရုံစူးစိုက်မှုဟာ လျော့ကျလာခဲ့ပြီး အာရုံစူးစိုက်မှု နည်းပါးသွားချိန်မှာတော့ ဂျူဗင်တပ်အသင်းက ဂိုးသွင်းဖို့ အခွင့်အရေးတွေ ပြန်လည် ရရှိခဲ့ကာ ချေပဂိုး ၂ဂိုး အပြင် အနိုင်ဂိုး ၁ဂိုးကိုပါ ၇မိနစ်အတွင်း သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Standard

၂ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီးမှ ၇မိနစ်အတွင်း ၃ဂိုး ပြန်ပေးရကာ ရှုံးနိမ့်ခဲ့တဲ့ အတွက် ရိုးမားနည်းပြ မော်ရင်ဟိုက အကြီးအကျယ် ဒေါသထွက်နေခဲ့ပြီး ပွဲအပြီးမှာလည်း သူ့ရဲ့ ကစားသမားတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေပုံပဲလို့ ပြောကြားရင်း ကစားသမားတွေကို ဆူပူ ကြိမ်းမောင်းသွားခဲ့ပါတယ်။

မော်ရင်ဟိုက – “မိနစ် ၇၀ အထိ ကျွန်တော်တို့က ဒီပွဲကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အသင်းရဲ့ ကစားပုံကလည်း အရမ်းကို ကောင်းခဲ့သလို အသင်းသားတွေက ပွဲကို အနိုင်ယူနိုင်မယ့် စိတ်ဓာတ်မျိုးနဲ့ ကစားခဲ့ကြပါတယ်။ ဒုတိယပိုင်း အစမှာ ကျွန်တော်တို့ ကစားခဲ့တဲ့ ကစားပုံကလည်း အဆင်ပြေပါတယ်။ ကျွန်တော်တို့တွေ သူတို့ကွင်းဘက်ခြမ်း အထိ လိုက်လံ ဖိအားပေး ကစားခဲ့ကြတယ်။ ပြီးတော့ သူတို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ မိနစ် ၇၀အထိ အကောင်းဆုံး ကစားနိုင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ၃-၂ ဖြစ်သွားချိန်မှာ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းက အရမ်းကို ပြောင်းလဲသွားပါတယ်။ စိတ်ဓာတ်ခိုင်မာတဲ့ အသင်းတသင်း ဆိုရင် ၃-၂ ဖြစ်သွားရင်လည်း ပွဲကို အကောင်းဆုံး ထိန်းချုပ်နိုင်စွမ်း ရှိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ ကတော့ အဲ့ဒီလိုအသင်းမျိုး ဖြစ်မနေခဲ့ဘူး။ ဒါက ရိုးမားအသင်းရဲ့ ပြဿနာပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။