MySport Myanmar

ဘင်ဖီကာအသင်းကို ကိုင်တွယ်ဖို့ သဘောတူညီထားတဲ့ မော်ရင်ဟို

ပေါ်တူဂီထိပ်သီးကလပ် ဘင်ဖီကာအသင်းဟာ နည်းပြချုပ်သစ်အဖြစ် ခန့်အပ်ဖို့အတွက် နာမည်ကျော် နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုနဲ့ မူလသဘောတူညီချက် ရရှိသွားပြီဖြစ်ကြောင်း CNN Portugal သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

မနေ့က အင်္ဂါနေ့မှာ ကာရာဘတ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ ဘရူနို လေ့ဂျ်ရဲ့နေရာမှာ မော်ရင်ဟိုက အစားထိုးဝင်ရောက်လာမှာ ဖြစ်ပါတယ်။ နှစ်ဖက်အကြား မူလသဘောတူညီချက် ရရှိထားပြီးဖြစ်လို့ စာချုပ်ရဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

Photo Credit : The New York Time

အလွန်ထူးဆန်းတဲ့ ကံကြမ္မာတစ်ခုကတော့ မော်ရင်ဟိုဟာ ဘင်ဖီကာအသင်းကြောင့်ပဲ အလုပ်လက်မဲ့ဖြစ်ခဲ့ရတာပါ။ သူ့ရဲ့နောက်ဆုံးကလပ် ဖီနာဘာချီအသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ခြေစစ်ပွဲမှာ ဘင်ဖီကာကို ရှုံးနိမ့်ခဲ့တာကြောင့် သူ့ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ အဲ့ဒီချန်ပီယံလိဂ်ပြိုင်ပွဲကြောင့်ပဲ ဘင်ဖီကာနည်းပြနေရာ လစ်လပ်သွားချိန်မှာ မော်ရင်ဟိုတစ်ယောက် ပြန်လည်ရောက်ရှိလာဖို့ အခွင့်အရေးရခဲ့တာ ဖြစ်ပါတယ်။

ဘင်ဖီကာအသင်းဟာ လူငယ်နည်းပြ မော်ရင်ဟိုအတွက် ဘာစီလိုနာမှာ လက်ထောက်နည်းပြဘဝကနေ ထွက်ခွာပြီးနောက် ပထမဆုံးအကြိမ် နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့တဲ့ ကလပ်အသင်း ဖြစ်ပါတယ်။ ၂၀၀၀-၂၀၀၁ ရာသီအစမှာ သူ အသင်းကို ရောက်ရှိလာခဲ့ပေမယ့် (၁၀)ပွဲသာ ကိုင်တွယ်ခဲ့ပြီးနောက် ထွက်ခွာသွားခဲ့ပါတယ်။ အဲ့ဒီအချိန်က ဘင်ဖီကာအသင်းဟာ ဘဏ္ဍာရေးပြဿနာတွေနဲ့ ခေါင်းဆောင်ပိုင်း မတည်ငြိမ်မှုတွေကြောင့် အလွန်ရှုပ်ထွေးနေတဲ့ ကလပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အသင်းဥက္ကဌအသစ်က သူ့ကို အပြည့်အဝယုံကြည်မှုမရှိဘူးလို့ ခံစားခဲ့ရတာကြောင့် မော်ရင်ဟိုကိုယ်တိုင်ကပဲ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဘင်ဖီကာကနေ ထွက်ခွာပြီးနောက်မှာတော့ မော်ရင်ဟိုရဲ့ သမိုင်းကို အားလုံးသိကြတဲ့အတိုင်းပါပဲ။ ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးရဲလ် မက်ဒရစ်တို့လို အသင်းကြီးတွေမှာ အောင်မြင်မှုပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူနည်းပြဘဝနောက်ပိုင်းမှာတော့ သူ့ရဲ့ အောင်မြင်မှုတွေ ပျောက်ဆုံးသွားခဲ့ပြီး တော့တင်ဟမ်၊ ရိုးမားနဲ့ ဖီနာဘာချီတို့မှာ အောင်မြင်မှုကြီးကြီးမားမား မရရှိခဲ့ပါဘူး။

ဘင်ဖီကာဥက္ကဌ ရူအီ ကော်စတာအတွက်တော့ မော်ရင်ဟိုလို နာမည်ကြီးနည်းပြတစ်ယောက်ကို ခန့်အပ်လိုက်ခြင်းက သူ့ရဲ့ရာထူးကို ကယ်တင်ပေးမယ့် အသက်ကယ်ဘောကွင်း တစ်ခုသဖွယ် ဖြစ်နေပါတယ်။ အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ဖိအားများနေတဲ့ ရุူအီ ကော်စတာအတွက်တော့ ဒီခန့်အပ်မှုက အလွန်အရေးပါနေမှာ သေချာပါတယ်။

Exit mobile version