MySport Myanmar

သူရဲ့ အနာဂတ် မသေချာ မရေရာတော့ဘူးလို့ ပြောဆိုလာခဲ့တဲ့ မော်ရင်ဟို

ရိုးမားအသင်းရဲ့ နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက သူရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီသစ်မှာ အသင်းနည်းပြအဖြစ် ဆက်လက် တာဝန်ယူသွားရဖို့က မသေချာတော့ဘူးလို့ ပြောဆိုလာခဲ့ပါတယ်။

ပေါ်တူဂီလူမျိုး စပယ်ရှယ်ဝမ်း နည်းပြကြီး မော်ရင်ဟိုဟာ လွန်ခဲ့တဲ့ (၂)နှစ်ကတည်းက ရိုးမားအသင်းကို ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပထမဆုံးနှစ်မှာပဲ ကွန်းဖရန့်စ်လိဂ် ချန်ပီယံ ဖြစ်စေခဲ့သလို နောက်တစ်နှစ်မှာလည်း ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : talkSPORT

ဒါပေမယ့် မော်ရင်ဟိုရဲ့ အစဉ်အလာတွေအတိုင်း တတိယမြောက် ဘောလုံးရာသီမှာ ရုန်းကန်နေရပြီး အသင်းကလည်း အမှတ်ပေးဇယားရဲ့ အဆင့် (၁၀)ထိ ရပ်တည်နေရသလို (၈)ပွဲ ကစားထားပြီးချိန်မှာလည်း နိုင်ပွဲက (၃)ပွဲသာ ရှိနေရပါတယ်။

ဒါ့အပြင် အသက် (၆၀)အရွယ် ရှိပြီဖြစ်တဲ့ နည်းပြကြီး မော်ရင်ဟိုက တစ်နေ့မှာ ဆော်ဒီလိဂ် ကလပ်အသင်း တစ်သင်းသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်သွားနိုင်တယ်လို့ ဝန်ခံထားခဲ့ဖူးတာကြောင့် မော်ရင်ဟို နဲ့ ရိုးမားအသင်းတို့ရဲ့ အနာဂတ် အခြေအနေတွေက သိပ်မကောင်းလှတော့ဘူးဆိုပြီး ကောလဟာလတွေ ပိုမို ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : Goal

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး လာမယ့် ဘောလုံးရာသီ အသင်းမှာ ဆက်လက် ရှိနေနိုင်ဦးမလားလို့ မေးမြန်းလာခဲ့ရာမှာတော့ မော်ရင်ဟိုက “ကျွန်တော် မသိပါဘူး။ ပြီးခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်ခင်တုန်းကတော့ ကျွန်တော် ဒီမှာ ဆက်ရှိနေဦးမယ်ဆိုတာ အသင်းသားတွေကို ကတိပေးခဲ့ဖူးပါသေးတယ်။”

“အိမ်ကွင်းမှာ စပီဇီယာအသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ကျွန်တော် ဒီမှာပဲ ဆက်လက် ရှိနေမှာလို့ ပြောဆိုခဲ့ဖူးပါတယ်။ ပြီးတော့ ကျွန်တော် အခုလည်း ဒီမှာပဲ ရှိနေပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ရိုးမားအသင်းကတော့ တကယ်လို့ အသင်းရလဒ်တွေ ထပ်မံ ဆိုးရွားနေဦးမယ်ဆိုရင် မော်ရင်ဟိုနေရာမှာ ကွန်တီနဲ့ အစားထိုးသွားဖို့ ချိန်ရွယ်လျက် ရှိနေပါတယ်။

Exit mobile version